မြန်အောင်မြို့နယ်တွင် နှစ်(၁၀၀)ကျော် သက်တမ်းရှိ အကြီးဆုံးသစ်ပင်ကြီး(၄)ပင်အား ထိန်းသိမ်းထား




မြန်အောင် ဇန်နဝါရီ ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သစ်တောဦးစီးဌာနက နိုင်ငံပိုင်သစ်တောကြိုးဝိုင်းဧရိယာနှင့် ကြိုးဝိုင်းပြင်ပတို့တွင်ပေါက်ရောက်လျက်ရှိသည့် သက်တမ်းရင့် သစ်ပင်ကြီးများအား ရှာဖွေဖော်ထုတ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ ရှားပါးသစ်တောသစ်ပင်စာရင်းတွင် စာရင်းသွင်း၍ ထိန်းသိမ်းဆောင်ရွက်ထားကြောင်း သိရသည်။


မြန်အောင်မြို့နယ်တွင်လက်ရှိ အချိန်အထိ သက်တမ်းနှစ် (၁၀၀) အထက်ရှိသည့် သစ်ပင်ကြီး (၃)ပင်အား တွေ့ရှိထိန်းသိမ်းထားရာ မြန်အောင်မြို့နယ် အင်ပင်ဘိနယ်၊ ဆပ်သွားချောင်းကျေးရွာနေ ဒေါ်ထွေး၏ ဥယျာဉ်ခြံအတွင်းရှိ လုံးပတ် ၁၂ ပေ နှင့်အမြင့် ၁၀၀ ပေ ၊လုံးပတ် ၁၇ ပေ၊ အမြင့် ၁၀၀ ပေ ရှိ ကညင်ပင်(၂)ပင်၊  လက်ပံကွင်းကျေးရွာအုပ်စု၊ လက်ပံကွင်းကျေးရွာနေ ဦးတင်မြင့်၏ ဉယျာဉ်ခြံမြေ အတွင်းရှိ လုံးပတ် ၂၁ ပေ ၅ လက်မ၊ အမြင့် ၁၀၀ ပေရှိကညင်ပင်နှင့် မျှင်ဝါးတောင်ကြိုးဝိုင်း အကွက် အမှတ် (၄၆ )ရှိ လုံးပတ် ၂၂ ပေ ၈ လက်မနှင့် အမြင့် ၁၀၀ ပေရှိ သပြေပင်ကြီးတို့အား သက်တမ်းရင့် ရတနာတန်းဝင်ရှားပါး သစ်ပင်ကြီးများ အဖြစ်မှတ်တမ်းတင်ထားကြောင်း သိရသည်။


အဆိုပါ နှစ်(၁၀၀)အထက် သက်တမ်းရှိ အကြီးဆုံးသစ်ပင်ကြီးများအား မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများက ၂၀၂၁ ခုနှစ်တွင်စတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးသန်းဌေး ထံမှ သိရသည်။


မြို့နယ် (ပြန်ဆက်)





No comments

Powered by Blogger.