ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ




နေပြည်တော် ဇန်နဝါရီ ၁၀  


ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့  အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။


အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက် ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့သို့ နည်းပညာပိုင်းဆိုင်ရာ လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်မှု အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက်တိုးမြှင့် တောင်းခံနိုင်ရေးနှင့် ထပ်မံထုတ်ပြန်မည့် အမိန့်ညွှန်ကြားချက်များကို သတ်မှတ်ထားသည့် ကာလအတွင်း အပြီးဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှု အန္တရာယ်များကို နားလည်သိရှိမှု တိုးတက်ကြောင်းပြသရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းအပါအဝင် ဟွန်ဒီလုပ်ငန်းများနှင့် ဆက်စပ်သည့် စည်းမျဉ်းများကို အကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး သတင်း အချက်အလက်များ ပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှု များကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တရားဝင်လမ်းကြောင်းနှင့် အလွတ်သဘော (Informal) လမ်းကြောင်းနှစ်ရပ်လုံးဖြင့် ဆောင်ရွက်ရန်၊ လူအများအပြား သေကျေစေသည့် လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ရှေ့ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးပြီး  လာမည့် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ စံနှုန်းသတ်မှတ်ချက်တောင်းခံရာတွင် တိုးမြှင့်ရရှိစေရေးအတွက် ကြိုးပမ်းကြရန် ပြောကြားသည်။ 


ထို့နောက် လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အဆိုပါ အကြံပြုချက်များ၏ စံနှုန်းသတ်မှတ်ချက် တိုးမြှင့်တောင်းခံရေး ကိစ္စရပ်များကို လည်းကောင်း၊ အကောင်အထည်ဖော်ရမည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။


ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အားနည်းချက်များကြောင့် ထည့်သွင်း ခြင်းခံရသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ ဆုံးရှုံးနိုင်ခြေမြင့်မား သောနိုင်ငံနှင့် ဒေသများစာရင်းမှ အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး အပတ်စဉ် ပုံမှန်အစည်းအဝေးများပြုလုပ်၍ သက်ဆိုင်ရာဌာနအလိုက် အကောင် အထည်ဖော်ရမည့် ကိစ္စရပ်များကို အချိန်မီပြီးစီးစေရေး တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.