ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင် တတိယအကြိမ် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူ များ၏ အရည်အသွေးမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်





နေပြည်တော် ဇန်နဝါရီ ၁၀  


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန်ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် တတိယအကြိမ် ဂျပန် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကလောမြို့ရှိ Kalaw Hilltop Villa Hotel တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။


အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အွန်လိုင်းမှတဆင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင်

ယခု အာဆီယံ-ဂျပန် ဗဟိုဌာနနှင့်ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲမှတစ်ဆင့် ဆွေးနွေးပွဲ ကိုယ်စားလှယ်များသည် ဂျပန်ခရီးသွားဧည့်သည်များ၏ ရိုးရာဓလေ့နှင့် လူနေမှုဘဝပုံစံများ၊ အပြုအမူသဘောသဘာဝများ ကိုသိရှိနားလည်လာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အာဆီယံ-ဂျပန် ဗဟိုဌာန၏ ၂၀၂၃ ခုနှစ်အတွက် National Acticvity နှင့် အခြား အစီအစဉ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ အာဆီယံဂျပန်ဗဟိုဌာနမှ အကြီးတန်းအမှုဆောင်အရာရှိ  Dr. Yuka KUBOTA က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံနှင့် အာဆီယံ-ဂျပန်ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ဂျပန်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာဘာသာ ရပ်များအလိုက် ဆက်လက်ဆွေးနွေးပို့ချကြသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိအင်းယား ကန်ဟိုတယ်၌ ကျင်းပသော မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့် တင်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။


တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက ယခုအခါ တရုတ်ခရီးသွား ဈေးကွက်သည် မြန်မာနိုင်ငံ အတွက် အလားအလာရှိပြီး အားထားရသည့် ဈေးကွက်တစ်ခု ဖြစ်ပါ ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နေပြည်တော်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာ ကျောက်ကျား အောက်ဝ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် ချုံချင့်မြို့၌ တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ တရုတ်-မြန်မာယဉ် ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည် ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖက်မြို့တော် ရက်သတ္တပတ် အစီအစဉ် ကျင်းပပြုလုပ်မည့် အခြေအနေများ၊  ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ပါဝင်ခင်းကျင်းပြသ သွားနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ခရီးသွား အသင်းအဖွဲ့များအားဖိတ်ကြားထားပါကြောင်း၊ ထို့ပြင် တရုတ်-မြန်မာ မြှင့်တင်ရေးစင်တာတွင်လည်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများနှင့် ဆွဲဆောင်မှုများကို ပါဝင်ပြသရန်ကမ်းလှမ်းထားပါကြောင်း၊   အဆိုပါကုန်စည်ပြပွဲတွင်ပါဝင်ပြသခြင်း ဖြင့် ချုံချင့်မြို့နှင့် သာမက တရုတ်တစ်နိုင်ငံလုံးသို့လည်း မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင် ကြော်ငြာနိုင်မည့်အခွင့်အလမ်းများရရှိမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက်လာ သူများ အနေနှင့် ပြပွဲတွင်ပါဝင်ပြသနိုင်ရေးအပြင် တရုတ်-မြန်မာခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် အခြားဆွေးနွေးလိုသည့် ကိစ္စရပ်များရှိပါက အားလုံးဝိုင်းဝန်းဆွေးနွေး၍ အကြံပြုပေးစေလိုပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန်တို့က ဆွေးနွေးတင်ပြကြပြီး မြန်မာနိုင်ငံခရီးသွားလုပ် ငန်းအဖွဲ့ ချုပ်ဥက္ကဌဦးရန်ဝင်းက  ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် ပါဝင်ပြသနိုင်မည့် အခြေနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.