ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ရာတွင် နေထိုင်မှုပုံစံသစ်



မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသိသာသာကျဆင်းသွား သည်။ ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့၏ နိုးနိုးကြားကြား  တက်တက်ကြွကြွပါဝင်ဆောင်ရွက်မှုများကြောင့်   ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကင်းဝေးလာပြီဟုဆိုနိုင်သည်။ သို့သော်  ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇမျိုးကွဲသစ်အမျိုးမျိုးအဖြစ်  ပြောင်းလဲဖြစ်ပေါ်နေပြီး  ကမ္ဘာပေါ်ရှိနိုင်ငံ အချို့တွင် ဆက်လက်ဖြစ်ပွားနေသဖြင့် ကိုဗစ်-၁၉ ရောဂါကို ဆက်လက်သတိပြု ကာကွယ်ထားကြရမည်ဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါသည် ၂၀၁၉ ခုနှစ်အကုန် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း၌ စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ သုံးနှစ်ကျော်ကာလသို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ကမ္ဘာ တစ်ဝန်းလုံး ပျံ့နှံ့ကူးစက်လာခဲ့ရာ ကမ္ဘာ့ပြည်သူအမြောက်အမြား ထိခိုက်သေဆုံး ပျက်စီးခဲ့ကြသည်။ ကပ်ရောဂါတစ်မျိုးသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ရှိနိုင်သည်ဖြစ်သော်လည်း ယခုကိုဗစ်-၁၉ ကပ်ရောဂါသည် မျိုးရိုးဗီဇပြောင်းလဲပြီး သုံးနှစ်ကျော်ကြာ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ပြည်သူလူထုကြားတွင် အတူရှိ နေမည့်ရောဂါအသွင်ဆောင်နေသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အစဉ်ကာကွယ်ထားနိုင်ရန်အတွက် နေထိုင်မှုပုံစံသစ်ဖြင့် ရပ်တည် ကြရမည်ဖြစ်သည်။


လတ်တလောတွင် ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါမျိုးသစ် အိုမီခရွန်မျိုးကွဲ XBB.1.5 ကူးစက်ပျံ့နှံ့လျက်ရှိသည်။ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ် အမျိုးအစားသစ်သည် ယခင်မျိုးဗီဇများထက် ကူးစက်မှုမြန်ဆန်သည်ဟု အမေရိကန် နိုင်ငံ အိမ်ဖြူတော် ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေးဆိုင်ရာ  တာဝန်ရှိသူတစ်ဦးက အသိပေးထားသည်။ အမေရိကန်နိုင်ငံတွင်  ယခုရက်သတ္တပတ်အတွင်း အဆိုပါအိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်သည် အလွန်လျင်မြန်စွာ ပျံ့နှံ့လျက်ရှိပြီး ပြည်နယ် တစ်ခုတွင် ရောဂါကူးစက်မှု ၇၀ ရာခိုင်နှုန်းကျော်အထိရှိသည်ဟု ခန့်မှန်းထားသည်။ ဂျပန်နိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိရာ ပြီးခဲ့သည့်ရက်များက ရောဂါကူးစက်ခံရမှုကြောင့် တစ်နေ့လျှင် လူ ၃၀၀ ကျော်မှ ၄၀၀ ခန့်အထိသေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံကျန်းမာရေးဌာနက အသိပေးထားသည်။


ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အဋ္ဌမမြောက် လှိုင်းအဖြစ် ရင်ဆိုင်ကြုံတွေ့နေရပြီး မြန်မာနိုင်ငံအနေဖြင့်မူ စတုတ္ထလှိုင်းအဆင့်တွင် ထိန်းချုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခဲ့မှုများကို ဆင်ခြင်သုံးသပ်ကြည့်ပါက အအေးပိုင်း နိုင်ငံများတွင် ပိုမိုဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာတို့က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို   လိုက်နာမှုအားနည်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ပြည့်နှင့် ထပ်ဆောင်းထိုးနှံထားမှု အားနည်းခြင်းတို့ကြောင့်ဖြစ်သည်ကို တွေ့ရသည်။ ယခုအခါ အခြားနိုင်ငံများတွင် ရောဂါမျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုမြင့်မားလာသည်ကို သတိပြုကြရမည်ဖြစ်သည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းသည် နေ့စဉ်ဓာတ်ခွဲ အတည်ပြုလူနာသစ် (ဒသမ သုညအောက်) ခုဂဏန်းသာရှိသည်ကို တွေ့ရမည်ဖြစ် သည်။ ကိုဗစ်-၁၉ ရောဂါကို  မြန်မာနိုင်ငံ၌  ထိန်းချုပ်ထားနိုင်ပြီဆိုသော်လည်း လုံးဝအရှင်းပျောက်ကွယ်သွားခြင်းမရှိသေးသည်ကို    သတိပြုရမည်ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံအချို့၌မူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက် နေသည့်အပြင်  အိုမီခရွန်ဗီဇပြောင်းမျိုးကွဲသစ်များ  လျင်မြန်စွာကူးစက်မှုအခြေ အနေများရှိနေသဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းများဖြင့် လိုက်နာနေထိုင်ကြရမည်ဖြစ်သည်။


သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်နှင့် ခြောက်လပြည့်ပါ က ထပ်ဆောင်းထိုးနှံခြင်း၊ အလုံပိတ်အခန်း၊ လူထူထပ်သောနေရာ၊ အများပြည်သူ နှင့်သက်ဆိုင်သောနေရာများတွင်ရှိနေစဉ်  ပါးစပ်နှင့်  နှာခေါင်းစည်းတပ်ထားရန်၊ လေဝင်လေထွက်ကောင်းအောင်  နေထိုင်ခြင်း၊ လက်ကို  ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ တတ်နိုင်သမျှ လူစုလူဝေး များကို ရှောင်ရှားခြင်း၊ ချောင်းဆိုး၊  နှာချေလျှင်   အုပ်၍ဆိုးခြင်း၊   ချေခြင်း စသည့် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို         ဆက်လက်လိုက်နာကြပါရန် တိုက်တွန်းအပ်ပါကြောင်း။


ကြေးမုံ

No comments

Powered by Blogger.