မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးများ ကွင်းဆင်းစစ်ဆေး


ရန်ကုန် ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် ယနေ့ နံနက် ၉ နာရီတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းဘေး ရေပေးဝေရေးဇုန် (၉) ရေစုကန် မြေနေရာသို့ သွားရောက်၍ မြေဧရိယာ (၂) ဧက တွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနရှိ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ သွားရောက်၍ မြေဧရိယာဧက (၅၀) တွင် ဆောင်းသီးနှံ နေကြာ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ထို့နောက် မြို့တော်ဝန်နှင့်ဝန်ကြီးတို့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းထောင့် အနော်ရထာစက်မှုဇုန်ရှေ့သို့ သွားရောက်၍ ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း ရေသွားလမ်းအကျယ် ၄၈ ပေကို အရှည် ပေ ၉၃၀ ရှိ မြေထိန်းနံရံနှစ်ဖက် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။




ယင်းနောက် မြို့တော်ဝန်နှင့်ဝန်ကြီးတို့သည် လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ပါရမီလမ်းသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ပြည်လမ်းနှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အဝင်လမ်းအကြား ကွန်ကရိ တိုးချဲ့ခင်းကျင်းနေမှု၊ တိုးချဲ့လမ်းနှင့် အင်းလျားလေးကန်စပ်အကြား လူသွားစင်္ကြံ စက်ဘီးလမ်း ပြုလုပ်ရန် မြေသားပြုပြင် ဆောင်ရွက်နေမှု၊ လမ်းသားစင်္ကြံများနှင့် လွတ်ကင်းမှုမရှိသည့် သစ်ပင်အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။




ယင်းနောက် မြို့တော်ဝန်နှင့်ဝန်ကြီးတို့သည် ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း ကန်ရေပြင် ကြည်လင်သန့်ရှင်းရေးအတွက် အမှိုက်၊ ဒိုက်နှင့် ရေမှော်များ ဆယ်ယူရှင်းလင်းနေမှုနှင့် 1.1 kW DC Motor တပ် Solar Power သုံး ရေဒလက်မော်တာဖြင့် ကန်ရေနှင့် ရေမှော်များတွင်ရှိသည့် Bacteria နှင့် Micro-organism များကို လျော့ပါးစေရန် ကန်ရေကို Aeration ပြုလုပ်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.