တရားမဝင် ကျွန်းသစ်၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ



နေပြည်တော်၊ ဇန်နဝါရီ ၂


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးအဖွဲ့ ဦး‌ဆောင်သော ပူးပေါင်း စစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့ရှောင်လမ်း၊ ရွှေညောင်ပင် အနီးတွင် မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်‌တော်ယာဉ်နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၇၆၈,၄၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်‌ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇,၇၆၈,၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၁ ရက်တွင် ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖလမ်းမြို့နယ်၊ မင်းတပ်မြို့နယ်၊ တွန်းဇံမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့အတွင်း တရားမဝင်ချက်အရက်နှင့် ဘီယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ချင်းဝိသေသတိုင်း အက်ဥပ‌ဒေနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။


ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း၌ တရားမဝင် ကျွန်းခွဲသား (၁ ဒသမ ၀၆၄၄) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၄,၉၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်နဝါရီ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၄၀၂,၃၀၄ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

No comments

Powered by Blogger.