ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းလမ်းညွှန်ချက်ခံယူခြင်း အခမ်းအနား ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ
ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းလမ်းညွှန်ချက်ခံယူခြင်း
အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊
ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစီးမှူးများ၊ ခရိုင်နှင့်
မြို့နယ်ဦးစီးမှူးများ ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးမှာကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက
အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ
တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးများ၊ ခရိုင်နှင့် မြို့နယ် ဦးစီးမှူးများ လုပ်ဆောင်ရမည့်လုပ်ငန်းများ၊
ထားရှိရမည့်ခံယူချက်များကို အဓိကထား ဆွေးနွေး မှာကြားလိုပါကြောင်း၊ မိမိကိုယ်ကို စည်းရုံးရေးမှူးကောင်းသဖွယ်
စိတ်ဓာတ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တာဝန်ပေး၍ လုပ်ဆောင်ရသည်ထက် မိမိဘာသာခံယူချက်ရှိရှိဖြင့်
လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံရေးအမြင်၊ လူမှုရေးအမြင်၊
စီးပွားရေးအမြင်၊ နိုင်ငံတကာဆက်ဆံရေး အမြင်များရှိရန်လည်း လိုအပ်ကြောင်း၊
တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊
ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများအနေဖြင့် အသက်အရွယ်အလိုက် အတွေ့အကြုံများ အထိုက်အလျောက်ရှိကြပြီးဖြစ်ရာ
မိမိ တို့ အဓိကဆောင်ရွက်ရမည့် ရည်မှန်းချက် က ဘာလဲဆိုသည်ကို လေ့လာကြရန်လိုကြောင်း၊
နိုင်ငံတော်နှင့် ပြည်သူက အားထားရသည့် စည်းရုံးရေးမှူး တာဝန်ထမ်းဆောင်ရသူများအဖြစ်
ခံယူစေချင်ကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းနှင့် နိုင်ငံရေးအခြေအနေများကို နားလည်ပြီး
မိမိတို့ကိုယ်တိုင် ခံယူချက်ရှိရှိဖြင့် နိုင်ငံတော်အကျိုးအတွက် မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်ကို
စဉ်းစားဆောင်ရွက် ကြစေလိုကြောင်း၊ နိုင်ငံတကာအခြေ အနေကို မျက်ခြည်မပြတ်လေ့လာရန် လည်း
လိုအပ်ကြောင်း၊ မှန်ကန်သော အသိအမြင်၊ အတွေးအခေါ်များဖြင့် လူငယ်များ၊ ပြည်သူများကို
သတင်းမှန်များ၊ အသိအမြင်ကောင်းများ ရရှိစေရန် ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့
ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏
၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက
၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်
အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က
ဖြည့်စွက်မှာကြား ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက
ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်

No comments