တောင်ငူ၊ ပြည်ကြီးတံခွန်နှင့် လားရှိုး မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဇန်နဝါရီ ၂ 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တောင်ငူမြို့၊ အမှတ် (၂၀) ရပ်ကွက်အနီးတွင် မသင်္ကာဖွယ် တွေ့ရှိသူ နိုင်မြင့်အောင်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၅၀  ကို လည်းကောင်း၊ ထိုနေ့ ညနေ ၅ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၇ လမ်း၊ ၁၁၈ x ၁၁၉ လမ်းကြားရှိ မကြည်ကြည်ဝင်း ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဆီခဲ သုည ဒသမ ၀၅ ကီလိုနှင့် နေအိမ်ခြံဝင်းအတွင်းရှိ ရေထည့်သည့် ကျောက်စည်အနီးမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။


အလားတူ ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီတွင် လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်အတွင်းတွင် အောင်သက်နိုင် မောင်းနှင်လာသည့် CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်၊ နယ်မြေ (၉)၊ ခိုင်ရွှေဝါလမ်းရှိ ဟန်ဝင်းရှိန် (ခ) အားဖူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေး ၁၆၂ ပြား၊ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၀၅၅ ကီလို၊ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၄၂၅ ကီလို တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား


No comments

Powered by Blogger.