အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်စကားအပေါ် တုံ့ပြန်အရေးယူ ဆောင်ရွက်သွားမည်ဟု အီရန် ပြောကြား
တီဟီရန၊ ဇန်နဝါရီ ၃၁
အီရန်နျူကလီးယားဆွေးနွေးပွဲ၏
ရလဒ်အသက်ဝင်ရန် မအောင်မမြင်ဖြစ်နေသည် ဟူသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏
မှတ်ချက်စကားနှင့်ပတ်သက်၍ အီရန်က မိမိနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာမည်ဆိုပါက ချက်ချင်းအရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ
၃၀ ရက်တွင် အမေရိကန်အား သတိပေးပြောကြားခဲ့သည်။
အမေရိကန်၏ ယခုကဲ့သို့သော မှတ်ချက်စကားပြောဆိုလိုက်ခြင်းသည်
နိုင်ငံတကာဥပဒေများနှင့် လိုက်နာစောင့်ထိန်းရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန်
ပျက်ကွက်ခြင်းပင်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆာကာနာနီက ပြောကြားသည်။
အီရန်နိုင်ငံက နိုင်ငံလုံခြုံရေးအတွက် နျူကလီးယားလက်နက်သုံးစွဲမည်
မဟုတ်ဘဲ နျူကလီးယားမပြန့်ပွားရေး စာချုပ်ပါပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာနယ်ပယ်များတွင် အကျိုးရှိစွာ
အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အီရန်နိုင်ငံက ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့နိုင်ငံများနှင့် နျူကလီးယား
သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နျူကလီးယားဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို
လျှော့ချကာ အပြန်အလှန် အားဖြင့် ကမ္ဘာ့နိုင်ငံများ၏ အရေးယူပိတ်ဆို့ မှုများကို လျှော့ချနိုင်ခဲ့သည်။
အမေရိကန်နိုင်ငံက နျူကလီးယား သဘောတူညီချက်မှ ၂၀၁၈ ခုနှစ် မေလတွင် တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အပေါ်
အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ
No comments