သဘာဝခရီးသွားလုပ်ငန်းမှတစ်ဆင့် နိုင်ငံ့စီးပွားရေးမြှင့်တင်ဖော်ဆောင်
မြန်မာနိုင်ငံသည် မတူကွဲပြားသည့် သဘာဝပတ်ဝန်းကျင်အလှအပများ ပိုင်ဆိုင်ထားသည့်
နိုင်ငံဖြစ်သည်။ အရှေ့ဘက်တွင် အင်းလေးကန်ရေပြင်ကျယ်၊
အနောက်ဘက်တွင် ငပလီကမ်းခြေ၊ မြောက်ဘက်တွင်
မေခ၊ မလိခ မြစ်ဆုံနှင့် အမြင့်ဆုံးခါကာဘိုရာဇီတောင်၊
တောင်ဘက်တွင် ချောင်းသာ၊ ငွေဆောင်နှင့် ထားဝယ်၊
မြိတ်၊ ကော့သောင်း ကမ်းခြေအလှများ စသည်တို့သည် ခရီးသွားများ စိတ်ဝင်စားရာ သဘာဝခရီးသွား ဒေသများဖြစ်သည်။
ခရီးသွားပြည်သူများသည် စိတ်ရွှင်လန်းအပန်းပြေသည့်နေရာများကို ရွေးချယ်ရာတွင်
သာယာလှပသည့် ကမ်းခြေများသို့ သွားရောက်အပန်းဖြေကြသည်။ မြန်မာနိုင်ငံသည် အလွန်ရှည်လျားသည့်
ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားကာ သာယာလှပပြီး အပန်းဖြေ စခန်းနေရာအဖြစ် သင့်လျော်သည့်
နေရာများစွာရှိသည်။ ယင်းတို့တွင် ငပလီကမ်းခြေသည် အကောင်းဆုံး နေရာတစ်ခုဖြစ်ပြီး နိုင်ငံရပ်ခြားမှ
ခရီးသွားများ လာရောက် အပန်းဖြေ လေ့ရှိသည်။ ယခုအခါတွင် ပြည်တွင်းခရီးသွားများပါ သွားရောက်အပန်းဖြေ
နေကြပြီဖြစ်ရာ ငပလီအပန်းဖြေစခန်းနှင့်ပတ်သက်၍ အဆင့်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သည်။
ရှေးအကျဆုံးနှင့် အလှပဆုံးကမ်းခြေဒေသမှာ ငပလီကမ်းခြေအပန်းဖြေစခန်း ဖြစ်သည်။
ငပလီသည် ယခင်က ကမ်းခြေရွာကလေးဖြစ်သည်။ ငပလီဟူသောအမည်ကို ၁၈၂၆ ခုနှစ် ပထမအင်္ဂလိပ် -
မြန်မာစစ်ပွဲအပြီး ရောက်ရှိလာသော အီတလီလူမျိုးများက အီတလီနိုင်ငံ၏ မြို့တစ်ခုဖြစ်သော
နာပိုလီ(Napoli)မြို့ရှိ ကမ်းခြေနှင့် တူသောကြောင့် အီတလီစကားအရ အလွန်သာယာပြီး ရှုခင်းကောင်းလွန်းသော
“နေပလီ” ဟု ခေါ်ဆိုရာမှ ရခိုင်တိုင်းရင်းသားတို့ စကားသံဖြင့် ငပလီဟူ၍ဖြစ်လာသည်။ ငပလီကမ်းခြေသည် သံတွဲမြို့မှ
ခုနစ်ကီလိုမီတာ (လေးမိုင်)အကွာတွင်
တည်ရှိသော အပန်းဖြေကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေအလျား သုံးကီလိုမီတာ (နှစ်မိုင်) ရှည်လျားကာ
အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူလျက်တည်ရှိသည်။
ကမ်းခြေတစ်လျှောက် တည်ဆောက်ထားသော ဟိုတယ်အများအပြား၊ အပန်းဖြေစခန်းများနှင့်
ဂေါက်ကွင်းများဖြင့် မြန်မာပြည်၌ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ
အထင်ကရ နေရာတစ်ခုဖြစ်သည်။ အဓိက ဆက်သွယ်ရေး လမ်းကြောင်းမှာ လေကြောင်းလမ်းဖြစ်၍ မြန်မာ့လေကြောင်း၊
အဲမန္တလေး၊ ရန်ကုန်လေကြောင်းလိုင်းနှင့် အဲပုဂံတို့ဖြင့် နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိကြသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပင်လယ်ကမ်းခြေအပန်းဖြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်း
ဆက်သွယ်သွားလာမှု လွယ်ကူရေးသည် အဓိကကျသည်။ ငပလီကမ်းခြေ ဖွံ့ဖြိုးရေး အတွက် လေကြောင်းလိုင်းများ စဉ်ဆက်မပြတ်ပြေးဆွဲရေး၊ ငပလီလေဆိပ်အား အဆင့်မြှင့်တင်ရေး၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည် ဖော်နိုင်ရေး၊ လတ်တလော လျှပ်စစ်လိုအပ်ချက်ကို
သဘာဝစွမ်းအင်သုံးလျှပ်စစ် ဓာတ်အားများ ထုတ်လုပ်သုံးစွဲနိုင်ရေး၊ ရေလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေးတို့ကို နိုင်ငံတော်အကြီးအကဲက ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးသည်။ ငပလီကမ်းခြေသည် သာယာလှပသည့် ကမ်းခြေတစ်ခုဖြစ်ကာ
ပြည်ပခရီးသွားဧည့်သည် များက အသိအမှတ်ပြုနှစ်သက်ကြသည့် အားသာချက်များရှိသဖြင့် ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်နိုင်အောင် အဆင့်
မြှင့်တင်လုပ်ဆောင်ရမည်ဖြစ်သည်။
ဒေသတစ်ခုတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပါက ခရီးသွားပတ်ဝန်း ကျင်တွင်
အမြင် မတင့်သော စည်းကမ်းဥပဒေမဲ့သည့် လုပ်ကိုင်မှုများရှိလာတတ် သည်။ ယင်းတို့နှင့်ပတ်သက်၍
“ဒေသနှင့် တိုင်းပြည်၏ ရေရှည်အကျိုးကိုကြည့်၍ မိမိ၏တာဝန်များကို ကျေပွန်အောင် တိတိကျကျဖြင့်
အမုန်းခံပြောဆိုဆောင်ရွက် သွားရန်လိုကြောင်း၊ ဥပဒေမဲ့ ဆောင်ရွက်နေမှုများအား ပြောဆိုသတိပေးရမည်များကို
ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက နောင်တစ်ချိန်တွင် ဒေသနှင့် တိုင်းပြည်၏အကျိုးစီးပွားကို ကြီးမားစွာ သက်ရောက်ထိခိုက် စေနိုင်ကြောင်း” နိုင်ငံတော် အကြီးအကဲက တာဝန်ရှိသူများအား သတိပြုဆောင်ရွက်ရန်
ပြောကြားချက်ကို လိုက်နာကြရမည်ဖြစ်သည်။
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ခရီးသွားလုပ်ငန်းများလည်း ပြန်လည်ဖွံ့ဖြိုး
လာပြီဖြစ်ရာ မြန်မာနိုင်ငံရှိ ငပလီကဲ့သို့ ပြည်တွင်း/ ပြည်ပခရီးသွားများ စိတ်ဝင်စားသည့်
ဒေသများအား အဆင့်မြှင့်တင်မွမ်းမံ၍ စည်းကမ်းဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ပြီး
သဘာဝခရီးသွားလုပ်ငန်းများမှတစ်ဆင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖော်ဆောင်
သွားနိုင်ရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ

No comments