ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သော အခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များကို ကြိုးပမ်းဆောင်ရွက်
နိုင်ငံအဝန်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊
ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ
လွတ်လပ်စွာ ဆန္ဒဖော်ထုတ်မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမည်
နေပြည်တော်၊ ဇန်နဝါရီ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊
ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊
ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး
ရာပြည့်၊ အထူးဖိတ်ကြားထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ဥပဒေဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါဝင်သည့်
နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက
ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ
နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဆိုသည့်အတိုင်း မိမိတို့ဘက်မှ
ကြိုတင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးရန်ဖြစ် ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀
ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ပါတီပေါင်း ၉၀ ကျော်ရှိသော်လည်း
၈၈ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ထိုအထဲမှ ၁၉ ပါတီသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ရွေးကောက်ခြင်းခံရကြောင်း၊ နှစ်ဦးမှာ တစ်သီးပုဂ္ဂလ အနေဖြင့် အနိုင်ရရှိခြင်းဖြစ်ကြောင်း၊
ယင်းအခြေအနေကိုသုံးသပ်ကြည့်ပါက မိမိတို့နိုင်ငံ၌ နိုင်ငံရေးပါတီများပြားနေပြီး ပါတီအလိုက်
ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကို တွေ့နိုင်ကြောင်း၊ ဖြစ်သင့်သည်မှာ
နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံ သည့် ပြည်သူများကို စုစုစည်းစည်း အင်အားရှိရှိဖြင့်
ကိုယ်စားပြုနိုင်ရန် လိုကြောင်း၊ ပြည်သူတို့၏ စုပေါင်းစွမ်းအား ဖြင့် နိုင်ငံကို ဦးဆောင်ရန်လိုကြောင်း။
မိမိတို့နိုင်ငံ၌ ၁၉၆၂ ခုနှစ်မှ ၁၉၈၈
ခုနှစ် အထိ ဗဟိုဦးစီးစနစ်၊ တစ်ပါတီစနစ်ဖြင့် သွားခဲ့ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ
စနစ်ကိုဖော်ဆောင်ရာတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဆောင်ရွက်ရန်အတွက် နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် ပါတီစုံ ဒီမိုကရေစီစနစ် အမြန်ဖြစ်ထွန်းနိုင်ရေး နိုင်ငံရေးပါတီများ
ဖွဲ့စည်းခွင့်ကို လျှော့ပေါ့ပေးသကဲ့သို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး
ရေးကောင်စီအစိုးရ လက်ထက်တွင်လည်း နိုင်ငံသူ နိုင်ငံသားအားလုံး ဒီမိုကရေစီ အတွေ့အကြုံကို
ပိုမိုရရှိစေရန်အတွက် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပတ်သက်၍ လျှော့ပေါ့ဆောင်ရွက်ခဲ့ကြောင်း။
ယခင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံများအရ ပါတီများပြားသော်လည်း လွှတ်တော်၌ ပါဝင်ခွင့်ရသည့်ပါတီမှာ
နည်းပါးသည်ကို တွေ့ရကြောင်း၊ နိုင်ငံရေး ပါတီများပြားပြီး ပါတီဝင်များအစုအဖွဲ့တစ်ခုအနေဖြင့်သာ
လုပ်ဆောင်နိုင်သည်ကိုတွေ့ရကြောင်း၊ အဆိုပါအစုအဖွဲ့မှာ ငယ်နေမည်ဆိုပါက ဧရိယာအားဖြင့်၊
အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှုမရှိသည်ကို တွေ့ရကြောင်း၊
ထို့ကြောင့် ပါတီများ အားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာ စွာ၊ စည်းစနစ်ကျစွာနှင့်
ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေကို
ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်း
ရန်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်တွင် ပါရှိသည့်အတိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်
နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေကို အတည်ပြုနိုင်ရန်အတွက် သုံးသပ်ဆွေးနွေး အကြံပြုကြစေလို
ကြောင်း ပြောကြားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်နှင့် ပတ်သက်၍
အကြံပြုတင်ပြဆွေးနွေး
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌက ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက် လျက်ရှိမှုနှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ အတွင်းရေးမှူး၊
တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် တက်ရောက်လာကြသူများက နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင် ပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် နိုင်ငံရေး
ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင် ပြဋ္ဌာန်းနိုင်ရန် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သောအခြေအနေရှိသည်ဖြစ်စေ
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များကို ကြိုးပမ်း ဆောင်ရွက်
သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အကြားအလပ်မရှိ မဲပေးနိုင်ရန်လိုကြောင်း၊ ဆွေးနွေးပြီးသည့်
EAO အဖွဲ့များနှင့်လည်း ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်
စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မူအားဖြင့် သဘော တူညီမှုရရှိပြီးဖြစ်၍
နိုင်ငံအဝန်းအကြား အလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊
အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများ
ရှိနေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း
အရေးကြီးကြောင်း၊ ထို့ကြောင့် လိုအပ်သည်များ ထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊
အလားတူ ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ပါတီများကိုမှတ်ပုံတင် ဆောင်ရွက်ရာတွင်
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများ မဖြစ်ရန်လိုကြောင်း၊
ရွေးကောက်ပွဲ ကော်မရှင်ရုံးများကို အပြည့်အစုံဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားရမည်
ဖြစ်ကြောင်း၊ မဲစာရင်းများ မှန်ကန်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လို ကြောင်း၊
တစ်နိုင်ငံလုံးရှိစာရင်းဇယားများ မှန်ကန်စွာရရှိမှသာ မဲစာရင်းများမှန်ကန် မည်ဖြစ်ကြောင်း၊
ရွေးကောက်ပွဲကို ပြည်သူများအားလုံးပါဝင်သည့် လွတ်လပ်၍ တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ရန်လိုကြောင်း၊
သမာသမတ် ရှိသည့်ရွေးကောက်ပွဲ၊ စနစ်ကျသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း မှာကြား ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်



No comments