ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမမီသည့် တိုင်းရင်းသားဒေသများကို မိမိတို့တပ်မတော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားရမည်



နေပြည်တော်     ဇန်နဝါရီ    ၁၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျား၍     လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် ဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရန်အတွက် ဆရာဝန် လိုအပ်လျက်ရှိသော ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘုရင့်နောင်ရိပ်သာ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊     ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)       ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့    ဗဟိုအမှုဆောင် ဥက္ကဋ္ဌ၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်း ဆောင်ခဲ့ကြသည့်   တပ်မတော်သားဆရာဝန်များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်၏ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုတာဝန်ကို ထမ်းဆောင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းကို ဦးစွာပြောကြားလိုပါ ကြောင်း။


မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင်ကြပြီး   တောတောင်ရေမြေ၊   တောင်တန်း၊ မြေပြန့်နှင့် မြစ်ဝှမ်းလွင်ပြင်အစရှိသည့် မြေမျက်နှာ သွင်ပြင်စုံလင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့ သောဒေသများတွင် မိမိတို့တိုင်းရင်းသားများသည် နေရာအနှံ့ ပျံ့နှံ့နေထိုင်နေကြသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ သွားလာရခက်ခဲသည့် တောင်တန်းဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားများသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်ပါက  လက်လှမ်းမမီခဲ့သည့်အတွက် ကျန်းမာရေးအဆင့်အတန်းသည် ခေတ်အဆက် ဆက် နိမ့်ကျခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။


ချင်းပြည်နယ်၏  လက်ရှိကျန်းမာရေးအခြေအနေကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက် များအရ   မြန်မာနိုင်ငံ၏   မျှော်မှန်းသက်တမ်း (Life Expectancy at Birth)သည် (၆၇) နှစ်ဖြစ်ပြီး  ချင်းပြည်နယ်၏  မျှော်မှန်းသက်တမ်း သည် (၆၃ ဒသမ ၃)နှစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အနိမ့်ဆုံး ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် တစ်နှစ်အောက် ကလေးသေဆုံးနှုန်းသည် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကလေးအရှင် ၁၀ဝ၀ မွေးတိုင်း ၁၂ ဦးရှိပြီး ချင်းပြည်နယ်၌ ၁၈ ဦး၊ ငါးနှစ်အောက်ကလေး သေဆုံး နှုန်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးအရှင် ၁၀ဝ၀ မွေးတိုင်း ၁၅ ဦးရှိပြီး ချင်းပြည်နယ်၌ ၂၅ ဦး ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိခင်သေဆုံးမှုအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေး အရှင်  တစ်သိန်းမွေးတိုင်း  ၁၀၂  ဒသမ  ၇  ဦးရှိပြီး ချင်းပြည်နယ်၌ ၁၅၈ ဦးခန့်ရှိသည့်အတွက် ပြည်နယ် နှင့် တိုင်းဒေသ ကြီးများတွင် အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် ငါးနှစ်အောက် ကလေးငယ်များ၌  အာဟာရချို့တဲ့မှုများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၆ ဒသမ ၇ ရာခိုင်နှုန်းရှိရာ ချင်းပြည်နယ်ရှိ ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ဝေးလံ ခေါင်ဖျားပြီး   ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမီသည့်    တိုင်းရင်းသားဒေသများ ကို မိမိတို့တပ်မတော်အနေဖြင့်   ကျန်းမာရေးစောင့် ရှောက်မှုများ ပေးသွားရမည်ဖြစ်ကြောင်း။


ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် တပ်မတော်သား ဆေးမှူးအရာရှိများကို ၂၀၁၆ ခုနှစ် ကတည်းက စေလွှတ်ခဲ့ရာ ပထမအကြိမ် ၄၄ ဦး၊ ဒုတိယအကြိမ် ၄၄ ဦး၊ တတိယအကြိမ် ၄၆ ဦးနှင့် စတုတ္ထ အကြိမ်တွင် ၁၈ ဦးဖြင့် ဆေးမှူးအရာရှိ ၁၅၂  ဦးကို  လေးကြိမ်ခွဲ၍  စေလွှတ်နိုင်ခဲ့ပြီးဖြစ် ကြောင်း၊ တတိယ အကြိမ် ဆေးအကာအကွယ်ပေး တာဝန်များကို   ထမ်းဆောင်ရန်အတွက်  ဆေးမှူးအရာရှိ ၄၆ ဦးကို စေလွှတ်ခဲ့ ရာ ၄၄ ဦး ပြန်လည်ရောက်ရှိလာခဲ့ပြီး နှစ်ဦးသည် လုံလဲတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကိုခံခဲ့ရသည့်အတွက် ကျဆုံးခဲ့ရသည်ကိုလည်း စိတ်မကောင်းဖွယ် တွေ့မြင် ကြရမည်ဖြစ်ကြောင်း၊    တတိယအကြိမ်စေလွှတ်ခဲ့သည့် တပ်မတော်သား ဆေးမှူးများသည် တွန်းဇံ၊ မတူပီ၊ မှောင်တလန်၊  လဟယ်နှင့် နန်းယွန်းအစရှိသည့် ဒေသများတွင်ရှိသည့်  မြို့နယ်ဆေးရုံ၊ တိုက်နယ် ဆေးရုံနှင့်  ကျေးလက်ကျန်းမာရေး   ဆေးပေးခန်း ၂၃ နေရာ၌ နှစ်နှစ်နှင့်သုံးလကြာ တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ် ကြောင်း၊  ထိုအထဲမှ ဆေးမှူးအရာရှိ နှစ်ဦးဖြစ်သည့် ဗိုလ်ကြီးလှိုင်မြင့်ထွန်းနှင့် ဗိုလ်ကြီး ဝင်းကျော်တို့နှစ်ဦးသည်       ကျရာတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူး ဆောင် လက်မှတ်ချီးမြှင့်ခြင်းကို ခံခဲ့ရသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။


လူတစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ဘဝများ ရှင်သန်ရပ်တည်ရန် တစ်ဦးချင်းစီ၏ မျှော်လင့်ချက်ပန်းတိုင်များ  ရှင်သန်နေရန်လိုကြောင်း၊  ပြည်သူ တစ်ဦးချင်းစီ၏ မျှော်လင့်ချက်ပန်းတိုင် ရှင်သန်ခြင်းမှသည်   မိသားစုနှင့် နိုင်ငံတော်၏ မျှော်လင့်ချက်ပန်းတိုင်များ ရှင်သန်စေပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး ၏အောင်မြင်မှုကို      ရရှိလာနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ဝေးလံခေါင်ဖျားသည့် ဒေသများ၌ တာဝန်ထမ်းဆောင်ခဲ့သည့်   ဆေးမှူး အရာရှိများ အနက်  ၇၆  ဦးကို  ဆေးပညာမဟာသိပ္ပံသင်တန်း တိုက်ရိုက်တက်ရောက်ခွင့်     ပြုခဲ့ပြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဆေးမှူးအရာရှိများအနေဖြင့်လည်း မိမိတို့၏ ဘဝမျှော်လင့်ချက်ပန်းတိုင်ကို ရောက်ရှိအောင် မျက်ခြည်မပြတ် ဆက်လက်ကြိုးပမ်း အားထုတ်ခြင်းဖြင့် မိမိအကျိုး၊ မိမိ မိသားစုအကျိုး၊ နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို တိုးတက်အောင် ဆောင်ရွက်သွားကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုရရှိခဲ့သည့် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ရှည်သည်းခံမှု၊ ရောင့်ရဲတင်းတိမ်မှုများကို မလျှော့ကြရန်မှာကြား လိုကြောင်း။


ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌  တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးမှူး အရာရှိများအနက်       ထူးခြားချက်အနေဖြင့် တပ်မတော်သား ဆေးမှူးအရာရှိတစ်ဦးသည် ၂၀၁၈ ခုနှစ်တွင် မတူပီမြို့နယ် ပြည်သူ့ဆေးရုံ တွင် ပထမအကြိမ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ၂၀၂၂  ခုနှစ်တွင်လည်း   ဒုတိယအကြိမ်အနေဖြင့် မိမိဆန္ဒအလျောက် လဟယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ထပ်မံသွားရောက် တာဝန်ထမ်းဆောင်လျက်ရှိ သည်ကို တွေ့ရသည့်အတွက် ချီးကျူးဂုဏ်ယူကြောင်းကို ပြောကြားလိုပါကြောင်း။


တပ်မတော်အနေဖြင့် ယခုကဲ့သို့ ချင်းပြည်နယ် နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်ရှိသည့် တိုင်းရင်းသားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာတွင် ပထမအကြိမ်အနေဖြင့် ဒေသခံပြည်သူ လူထု ၂၀၂၃၃၂ ဦး၊     ဒုတိယအကြိမ်အနေဖြင့် ၁၇၁၀၈၄ ဦး၊ တတိယအကြိမ်အနေဖြင့် ၉၃၆၀ဝ စုစုပေါင်း   ၄၆၇၀၁၆   ဦးတို့ကို   ပြုစုစောင့်ရှောက်မှုများ ပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ အနေဖြင့် ဆေးကုသ မှုဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးနှင့် သားဖွားမီးယပ်ရောဂါ၊ မျက်စိနှင့် နား၊ နှာခေါင်း ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အစရှိသည့် ရောဂါများခံစားနေရသည့်  ဒေသခံပြည်သူလူထုကို ပြုစုစောင့်ရှောက်မှု ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် မိမိတို့တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ ၏ အရေးနှင့်ပတ်သက်ပါက အစဉ်အမြဲဦးထိပ်ထား ဆောင်ရွက်ပေးလျက်ရှိသည်ကို ဖော်ပြလျက်ရှိသည့် အချက်များပင်ဖြစ်ကြောင်း။  


ယခုအချိန်သည် နိုင်ငံတကာနှင့် နိုင်ငံအတွင်း၌ပါ ကပ်ရောဂါ ဘေးဒဏ်များနှင့် ကျန်းမာရေးဆိုင်ရာ  လူ့စွမ်းအား အရင်းအမြစ်များ လျော့နည်းကျဆင်းမှုများ ကြုံတွေ့နေရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က နိုင်ငံများအနေဖြင့် လူဦးရေ ၁၀ဝ၀ တွင် အနည်းဆုံး ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးလုပ်သား အနည်းဆုံး ၂ ဒသမ ၃ ဦး ရှိသင့်ကြောင်း သတ်မှတ်ထားရာ မြန်မာနိုင်ငံအနေ ဖြင့် လက်ရှိအချိန်တွင် လူဦးရေ ၁၀ဝ၀ ၌ ဆရာဝန် သုည ဒသမ ၃၇ ဦး၊  ကျန်းမာရေးလုပ်သား ၁ ဒသမ ၄၇ ဦးရှိသည်ကို တွေ့ရှိရပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်ထက် လျော့နည်းနေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သော နိုင်ငံရေးပဋိပက္ခတွင် ကျန်းမာရေးဝန်ထမ်းအချို့သည် လုပ်ငန်းခွင်စွန့်ခွာမှုများ ပြုလုပ်ခဲ့သည့် အတွက် နိုင်ငံအတွင်း၌ရှိသည့် ကျန်းမာရေးဝန်ထမ်းအင်အားမှာ များစွာလျော့နည်းခဲ့ရကြောင်း၊ ထိုကဲ့သို့ လျော့နည်းခဲ့သည့်အတွက် လစ်ဟာသွားသည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ဖြည့်ဆည်းနိုင်ရန် တပ်မတော် ဆေးရုံ၊ ဆေးပေးခန်းများတွင် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ ပြင်ပလူနာ ၄၄၉၈၉၂ ဦး၊ ဆေးရုံတက်လူနာ ၁၃၇၀၈၀ ကို  ပြုစုစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။


မိမိတို့တပ်မတော်သည် ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံ့အရေး၊ တိုင်းရင်းသားပြည်သူများ အရေးတို့နှင့် ပတ်သက်ပါက အစဉ်အမြဲဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်နေရာတွင် တပ်မတော်၏ မူလတာဝန်များဖြစ်သည့်    တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ရွက်သည့်နည်းတူ   ပြည်သူလူထုကျန်းမာရေးနှင့် ပညာရေးများကိုလည်း  တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ဝေးလံခေါင်ဖျားသည့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက် မှုတာဝန်များ ထမ်းဆောင်နိုင်ခဲ့သည့် အတွက်လည်း ချီးကျူးဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း၊ နောင်လာမည့် အနာဂတ်တွင်လည်း ဆရာဝန် တစ်ဦးအနေဖြင့်   ပညာရပ်ပိုင်းဆိုင်ရာ    တိုးတက်ရေးကို ဆောင်ရွက်ရမည့်နည်းတူ တိုင်းပြည်အကျိုး၊ ပြည်သူ အကျိုးကိုလည်း ဦးထိပ်ထား ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝေးလံ ခေါင်ဖျားဒေသ များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် များပေးအပ်ရာ  တပ်မတော်သား   ဆရာဝန်များကိုယ်စား   ဆေးမှူးသုံးဦးက လက်ခံရယူသည်။


ယင်းနောက်  ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့်      တပ်မတော်သား ဆရာဝန်များ ကိုယ်စား  ဆေးမှူး ဗိုလ်ကြီးလှိုင်မြင့်ထွန်းက ဆေးဝါးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရမှု များအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်မှု  အပြည့်အဝ မရရှိသေးသည့်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့စဉ်  မိမိတို့၏  အသေးစိတ်  လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက နယ်မြေခံဒေသခံလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေး နိုင်ရေးအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း များ၊ အုပ်ချုပ်ထောက်ပံ့မှုပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးပစ္စည်းများကို ထောက်ပံ့ ပေးခဲ့သည့်အတွက်   ယခုကဲ့သို့  မိမိတို့၏  တာဝန် ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် နယ်မြေခံ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း     မြင့်မားလာစေရေးအတွက် သာမက ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ဒေသဘက်စုံ တိုးတက်ရေးလုပ်ငန်းများနှင့် အခြေခံပညာစာပေ  သင်ကြားရေးများတွင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊       ဒေသခံပြည်သူ လူထု၏ နွေးထွေးသည့်    တုံ့ပြန်မှုများကိုလည်း ရရှိခဲ့ကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်များကို  အောင်မြင်စွာထမ်းဆောင်နိုင်ရေးအတွက် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပြီး လမ်းညွှန် ပြသစောင့်ရှောက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကျရာတာဝန်များ ကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများနှင့် ဝေးလံခေါင်ဖျားဒေသများတွင် တာဝန် ထမ်းဆောင်ခဲ့ကြ သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဂုဏ်ပြု လက်ဖက်ရည်သုံးဆောင်နေစဉ်အတွင်း မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြု ဖျော်ဖြေကြသည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် သားဆရာဝန်များ အား   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီး၊    ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ     ဝေးလံ ခေါင်ဖျား၍  လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရန် အတွက် ဆရာဝန်လိုအပ်လျက်ရှိသည့် ဆေးရုံများတွင်   တပ်မတော်သားဆရာဝန်များ တာဝန်ထမ်းဆောင်ခဲ့မှု အနေဖြင့်    ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်းကောင်း၊ ဒုတိယ အကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်း ကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်သားဆရာဝန်    ၄၆   ဦးဖြင့်လည်းကောင်း   တာဝန်လဲလှယ်ထမ်းဆောင်ခဲ့ကြပြီး  ယခု ၂၀၂၂ ခုနှစ်တွင်လည်း တပ်မတော်သားဆရာဝန် ၁၈ ဦးသည် စတုတ္ထအကြိမ်အဖြစ် သွားရောက်တွဲဖက် တာဝန် ထမ်းဆောင်လျက်ရှိကြောင်း၊ တာဝန်လဲလှယ် ထမ်းဆောင်ချိန်များတွင်လည်း ဒေသခံပြည်သူများက တပ်မတော်သားဆရာဝန်များနှင့် မိသားစုများကို လှိုက်လှဲနွေးထွေးစွာ  ကြိုဆိုခဲ့ကြကြောင်း၊   ထိုသို့ သွားရောက် တာဝန်ထမ်းဆောင်စဉ်      ၎င်းတို့၏ မိသားစုများသည်လည်း  အတူတကွလိုက်ပါကြပြီး ကျရာတာဝန်များနှင့်    ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို  အတူတကွ  တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။  


တပ်မတော်သားဆရာဝန်များအနေဖြင့်  စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ တတိယအကြိမ်အထိ ဒေသခံ တိုင်းရင်းသားပြည်သူ  စုစုပေါင်း  ၄၆၇၀၁၆ ဦးတို့ကို ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊    စားဝတ်နေရေး အထောက်အကူဖြစ်စေရန် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ  အသိပညာပေးခြင်းများ၊ ဒေသဘက်စုံတိုးတက်ရေး လုပ်ငန်းများတွင်လည်း ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ဝိုင်းဝန်းကူညီဆောင် ရွက်ပေးနိုင်ခဲ့ပြီး  မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့်   ဒေသခံပြည်သူတို့၏  အကျိုး၊ နိုင်ငံတော်အကျိုးကို တတ်စွမ်းသရွေ့ သယ်ပိုးထမ်းရွက်နိုင်ခဲ့ကြသဖြင့်   ယခုကဲ့သို့   အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

No comments

Powered by Blogger.