မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလီဘော ပြိုင်ပွဲ ကျင်းပ




မြိတ် ဇန်နဝါရီ  ၁၂


မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် တက္ကသိုလ်ဘော်လီဘောအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ဇန်နဝါရီ(၁၂)ရက် နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။


ပြိုင်ပွဲကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း က ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲ ပွဲစဉ်အဖြစ် မြိတ်တက္ကသိုလ် ဘောလီဘော လက်ရွေးစင်အသင်းဟောင်းနှင့် မြိတ်မြို့နယ် လက်ရွေးစင်အသင်းဟောင်းတို့ သရုပ်ပြယှဉ်ပြိုင် ကစားခဲ့ကြသည်။


ဆက်လက်၍ ပြိုင်ပွဲစတင်ကျင်းပခဲ့ရာ ဓာတုဗေဒအသင်းနှင့် ဘူမိဗေဒအသင်း အမျိုးသားပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲအား တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ အမျိုးသားပြိုင်ပွဲဝင်အသင်း(၆)သင်းနှင့် အမျိုးသမီးပြိုင်ပွဲဝင် အသင်း(၉)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်၍ ပြိုင်ပွဲဝင်အားကစားသမား(၁၇၀) ဝင်ရောက်ယှဉ်ပြိုင်ကစားကြ  ကြောင်း၊ ပြိုင်ပွဲကို ဇန်နဝါရီ(၁၂)မှ (၁၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ခိုင်ထူး (ပြန်/ဆက်)




No comments

Powered by Blogger.