ပြည်သူ့ဆန္ဒအလေးထား ဒီမိုကရေစီဖော်ဆောင်

 



ဒီမိုကရေစီစနစ်သည် အများပြည်သူတို့၏ ဆန္ဒသဘောထားကို အလေးထားသောစနစ်ဖြစ်၍ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ နိုင်ငံတစ်နိုင်ငံအား ဦးစီးဦးဆောင် ပြုလုပ်မည့်ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများအား မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးရွေးချယ်ထားသည့် ရလဒ်ပေါ်မူတည်၍ နိုင်ငံ့တာဝန်ကို ရယူဆောင်ရွက်ကြသည်။ ဒီမိုကရေစီ စနစ်သည် ပြည်သူများကိုယ်စား နိုင်ငံကိုတာဝန်ယူဆောင်ရွက်ရသည်ဖြစ်၍ လျော်ကန်သင့်မြတ် ကောင်းမွန်ပေသည်။

 

ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်နေကြသည်။ ဒီမိုကရေစီရွေးကောက်ပွဲစနစ်သည် နိုင်ငံ တစ်နိုင်ငံအတွက် အခြေခံအကျဆုံး အရေးအကြီးဆုံးနှင့် နိုင်ငံတော်အနာဂတ်ခရီးအတွက် အဆုံးအဖြတ်ပေးမည့်ကဏ္ဍဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့၏ဆန္ဒနှင့်အညီ မဲပေးရွေးချယ် တင်မြှောက်နိုင်ရန် လွှတ်တော်ရွေးကောက်ပွဲများကို လွှတ်တော် သက်တမ်းငါးနှစ်လျှင်တစ်ကြိမ် တစ်နိုင်ငံလုံးတွင် ကျင်းပသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေ ၁၃ ချက်နှင့်အညီ ဆောင်ရွက်ပေးရသည်ဖြစ်ရာ အဓိကအားဖြင့် ရွေးကောက်ပွဲများ ကျင်းပပေးရန်၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးရန်၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများကို ရွေးကောက်ပွဲ ခုံအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးရန်အချက်များကို အလေးထား ဆောင်ရွက်ကြရသည်။ ထိုသို့ဆောင်ရွက် ရာတွင် ရွေးကောက်ပွဲမတိုင်မီ အကြို ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်(နှောင်းပိုင်း) ကာလဟူ၍ ကာလသုံးရပ်စလုံးတွင် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဖြင့် စနစ်တကျဆောင်ရွက်ပေးကြရသည်။

 

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် အဆိုပါကဏ္ဍသုံးရပ်သည် အရေးအကြီးဆုံး လုပ်ငန်းများ ဖြစ်ပြီး အဆိုပါလုပ်ငန်းများကို အချိန်အခါအလိုက် စနစ် တကျမှန်ကန်စွာဖြင့် ဆောင်ရွက်ပေးနိုင်ပါက စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ရှေးဦးဖော်ဆောင်နိုင်ခြင်း ရောက်ပါသည်။ မတူကွဲပြားသည့် မဲဆန္ဒရှင်ပြည်သူအားလုံး၏ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရာရောက်ပါသည်။ တိုင်းပြည်၏ ဒီမိုကရေစီအနာဂတ်ခရီးကို လျော်ကန်သင့်မြတ်ကောင်းမွန်စွာဖြင့် ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လွှတ်တော် သက်တမ်းအလိုက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို သုံးကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် အဆိုပါ အချက်များကို စနစ်တကျအကောင်အထည်ဖော် ခဲ့သော်လည်း တတိယအကြိမ် ၂၀၂၀ ရွေးကောက်ပွဲတွင် အဆိုပါအချက်များအား ဖောက်ဖျက်ခဲ့ပါသည်။

 

ရွေးကောက်ပွဲအကြို နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားနေသည့်ကာလတွင် အာဏာရနိုင်ငံရေး ပါတီကြီးသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းများကောက်ယူရာတွင် အချက်အလက်များ မှားယွင်းခဲ့သည်ကို တွေ့ရပြီး မရိုးမသားဆောင်ရွက်ထားမှုများရှိခဲ့သည်။ ရွေးကောက်ပွဲကာလ တွင်လည်း မသမာမှုများပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲလွန်(နှောင်းပိုင်း) ကာလတွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကန့်ကွက်မှုများကို ပွင့်လင်းမြင်သာစွာဖြင့် စစ်ဆေး ပေးရန်ပျက်ကွက် ခဲ့သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဖောက်ဖျက်ပြီး အဓမ္မအာဏာရယူရန် ကြိုးပမ်းခဲ့သဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို တည့်မတ်မှန်ကန်စွာ ပြန်လည်ဆောင်ရွက် နိုင်ရန်အတွက် အချိုးအကွေ့ဖြစ်ပေါ် ခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ဖောက်ဖျက်ပြီး မသမာမှုများဖြစ်ပေါ်ခဲ့သည်ကို သင်ခန်းစာယူ၍ လာမည့်ရွေးကောက်ပွဲတွင် တိကျ မှန်ကန်စွာဖြင့် စနစ်တကျဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းသည် နိုင်ငံတော်နှင့်ပြည်သူများ၏ အနာဂတ်အကျိုး စီးပွားအတွက်ဖြစ်သည်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အကြီးအကဲပြောကြားခဲ့သည့်အတိုင်း ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှု ကင်းရှင်းစွာဖြင့် တစ်ဦးချင်းစီ၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရေးနှင့် လာမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မှတ်ကျောက်တင် ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်း အပ်ပါကြောင်း။

No comments

Powered by Blogger.