နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်လှစ်ပေး





မြစ်ကြီးနား ဇန်နဝါရီ ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။


အဆိုပါ ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဦးဇော်အေးမောင်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။


တန်ဖိုးအကြီးဆုံး ရေကူးကန်


အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် တန်ဖိုးအကြီးဆုံးအမိုးအကာပါ ရေကူးကန်အသစ်ကို ပထမဦးဆုံးတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတကာအဆင့်မီရေကူးကန်ဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်း စောင့်ရှောက်နိုင်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။


ထို့နောက် ရေကူးကန်ကို တာဝန်ယူတည်ဆောက်ခဲ့သည့် မြန်မာမိတ်ကာဟုမ်းကုမ္ပဏီမှ ရေကူးကန်ဆိုင်ရာအချက်အလက်များကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ယင်းနောက် ငြိမ်းချမ်းသာယာရေကူးကန်သစ်ကို ပြည်ထောင်စုဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရေကူးကန်ဆိုင်းဘုတ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာကြသူများက ရေကူးကန်ကိုလှည့်လည်ကြည့်ရှုကြသည်။


ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်


ထို့နောက် သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်များကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီကြသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ပန်းပွားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။


ယနေ့ ဖွင့်လှစ်လိုက်သည့် ငြိမ်းချမ်းသာယာရေကူးကန်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၁၉၀၀ ဖြင့် နိုင်ငံတကာအဆင့်မီ အလျား မီတာ ၅၀၊ အနံ ၂၅ မီတာနှင့် ရေကူးပြေးလမ်း ၁၀ လမ်းပါရေကူးကန်ဖြစ်ပြီး ရေကူးကန်အတွင်း အလျား ၉ မီတာ၊ အနံ ၅ မီတာရှိ LED အမှတ်ပေး ဆိုင်းဘုတ်အပါအဝင် ဂါလန်တစ်သိန်းဆံ့ မြေအောက်ရေကန်နှင့် အသံစနစ်၊ ခေတ်မီရေသန့်စင်သော စနစ်များပါဝင်သည့် ရေကူးကန်တစ်ခုဖြစ်ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.