(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်










မြစ်ကြီးနား ဇန်နဝါရီ ၁၁


(၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်နှင့် ဦးဇော်အေးမောင်တို့ တက်ရောက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာဧည့်ကြိုအကဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။


သဝဏ်လွှာဖတ်ကြား


ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ဖတ်ကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှုတ်ခွန်းဆက်အမှာစကားပြောကြား သည်။ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကချင်ပြည်နယ်အစိုးရအဖွဲ့အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား (Solar Home System Planens 120 w) အစုံ ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။


တပျော်တပါး စုပေါင်းက


ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်ရှေ့မနောကွင်း၌ (၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အပိတ် မနောအကကို ဦးဆောင်အဖွဲ့မှဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ ကချင်၊ ရှမ်းနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စုများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ရိုးရာအစဉ်အလာနှင့်အညီ တပျော်တပါး စုပေါင်းကကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


ကချင်ပြည်နယ်နေ့သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးသောအစည်းအဝေးကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ကျင်းပရာ မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတစဝ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်၍ ဝန်ကြီးချုပ် ဦးနုနှင့်အတူ မနောမဏ္ဍပ်ကို ဖွင့်လှစ်အလံတင်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့သဖြင့် ယင်းနေ့ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်ကျင်းပရာ ယခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတုကိုရောက်ရှိခဲ့ပြီဖြစ်သည်။


ဂုဏ်ထူးဆောင်ဆု ချီးမြှင့်


ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ဂုဏ်ထူးဆောင်ဆုများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်းနိုင်ရေးဆောင်ရွက်ခဲ့မှုကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ အမိနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၊ လူငယ်၊ လူရွယ်များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးသားရေးတာဝန်အဖြစ် ကြိုးစားထမ်းဆောင်ကြရေး တိုက်တွန်းမှာကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်ကြည်လင်းက ဂုဏ်ထူးဆောင်ဆုနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြသည်။


ပေးအပ်ချီးမြှင့်


ယင်းနောက် ဂုဏ်ထူးဆောင်ဆုနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့က စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)ရ ပုဂ္ဂိုလ်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်)နှင့် (တတိယအဆင့်)ရ ပုဂ္ဂိုလ်များ၊ စီးပွားရေးဆိုင်ရာ(ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်) ရပုဂ္ဂိုလ်များနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများက (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် အဆင့်မြင့်ပညာနှင့်အခြေခံပညာတို့မှ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်း သူများကိုလည်းကောင်း ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


သာသနာရေးဆိုင်ရာများလျှောက်ထား


မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့သည် မြစ်ကြီးနားမြို့ အံတော်ရှင်းကျောင်းတိုက်သို့သွားရောက်ပြီး ဝန်သိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာနှင့် ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ ဆရာတော်/ သံဃာတော်များထံ ဆန်အိတ် ၂၀ ၊ ဆီ ငါးပုံးနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ စိန့်ကိုလန်ဘန်ကက်သလစ်အသင်းတော်ဘုရားကျောင်းသို့သွားရောက်ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော်များမှ ဖာသာများ၊ သိက္ခာတော်ရဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အပြန်အလှန်မိတ်ဆက်ကြပြီး အသင်းတော်များအတွက် သစ်သီးခြင်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.