စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ





နေပြည်တော် ဇန်နဝါရီ ၃


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)၌ ကျင်းပသည်။


ဦးစွာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က စက်မှုသင်တန်းကျောင်းများကို စက်မှုဝန်ကြီးဌာနရှိ စက်ရုံအလုပ်ရုံများအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးရန် တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၌ မိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာအထောက်အပံ့များဖြင့် စက်မှု သင်တန်းကျောင်း (၆)ကျောင်းကို တည်ထောင်ဖွင့်လှစ်၍ တစ်နှစ်လျှင် စက်မှုကျွမ်းကျင် လုပ်သား (၁၀၀၀)ခန့်ကို နှစ်စဉ်မွေးထုတ်ပေးလျက် ရှိကြောင်း၊ ထို့အပြင် One Region One Product အစီစဉ်ကို အထောက်အပံ့ဖြစ်စေရေးအတွက် စက်မှုသင်တန်းကျောင်း (၂)ကျောင်း ကိုလည်း ထပ်မံဖွင့်လှစ်ရန် စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ခေတ်နှင့်အညီ လေ့ကျင့်သင်ကြား ပေးနိုင်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် စက်မှုသင်တန်းကျောင်းများ ကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုသင်တန်းကျောင်းများမှ မွေးထုတ် ပေးခဲ့သည့် စက်မှုကျွမ်းကျင်လုပ်သားများသည် နိုင်ငံ၏စီးပွားရေး ဦးမော့လာစေရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရမည်ဖြစ်ကြောင်း။


သင်တန်းသားများကို သင်တန်းကာလ (၁)နှစ်အတွင်း စာတွေ့ ၃၀ ရာခိုင်နှုန်း လက်တွေ့ ၇၀ ရာခိုင်နှုန်း လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် အသိပညာ (Knowledge)၊ အတတ်ပညာ ကျွမ်းကျင်မှု (Skill) နှင့် စိတ်သဘော ထားခံယူချက်များ မှန်ကန်ကောင်းမွန်မှု (Attitude) တို့ပါဝင်သည့် Competency ဆိုင်ရာ ကျွမ်းကျင်လိမ္မာမှုများ ရရှိအောင် လေ့လာသင်ယူ၍ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကိုလည်း တိတိကျကျလိုက်နာရန်လိုကြောင်း၊ သင်တန်းကာလ(၁)နှစ်အတွင်း သင်ကြားပို့ချ မည့် ဘာသာရပ်များကို စိတ်ဝင်စားစွာဖြင့် တတ်မြောက်အောင် လေ့လာသင်ယူသွားရ မည်ဖြစ်ကြောင်း၊ သင်တန်းမှပို့ချသည့် ဘာသာရပ်များနှင့်ပတ်သက်၍ အလုံးစုံတတ်မြောက် ရန်အတွက် သင်တန်းပျက်ကွက်မှုမရှိစေရေး မိမိကိုယ်ကို ကျန်းမာရေး ကောင်းမွန်အောင် အထူးဂရုစိုက်နေထိုင်သွားကြရန် မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုမည့် လူတော်လူကောင်းများ ဖြစ်ကြပါ စေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။


အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)အား ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်၍ သင်တန်းအမှတ်စဉ် (၁၂)ခု ဖွင့်လှစ်ပေးခဲ့ပြီး စက်မှုကျွမ်းကျင်လုပ်သား (၁၅၀၂)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း၌ Machinery ၊ CAD/CAM ၊ Electrical ၊ Electronics နှင့် Foundry ဘာသာရပ်တို့ကို စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၃)တွင် သင်တန်းသား (၆၅)ဦး၊ သင်တန်းသူ (၃၆)ဦး၊ စုစုပေါင်းသင်တန်းသား (၁၀၁)ဦး တက်ရောက် သင်ကြားမည်ဖြစ်ကြောင်း  သိရသည်။ 


သတင်းစဉ်

No comments

Powered by Blogger.