ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သေဆုံးမှုမြင့်တက်၊ တစ်လကျော်ကာလအတွင်း လူ ၁၀၀၀၀ ကျော်သေဆုံး

 



ဇန်နဝါရီ ၁၁

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှစ်ကြိမ်မြောက်လှိုင်းဖြစ်ပွားနေချိန် တစ်လတာကာလအတွင်း ထိုရောဂါကူးစက်ခံရပြီးနောက် သေဆုံးသူ ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ နိုင်ငံအတွင်း ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၆၀၄၁၁ ဦးရှိရာ ဒီဇင်ဘာ ၁ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ ယင်းရောဂါဖြင့်သေဆုံးမှုသည် ခြောက်ပုံတစ်ပုံရှိသည်ဟု အကြမ်ဖျင်းအားဖြင့် မှတ်ယူရသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် အောက်တိုဘာလက ၁၈၆၄ ဦး၊ နိုဝင်ဘာလက ၂၉၈၅ ဦးနှင့် ဒီဇင်ဘာလက ၇၆၂၂ ဦးတို့ သေဆုံးခဲ့ကြသည်။

ထိုရောဂါဖြင့်သေဆုံးသူအများစုသည် အသက်အရွယ်ကြီးမားသူများဖြစ်ကြသည်။

ဒီဇင်ဘာ ၇ မှ ဇန်နဝါရီ ၃ ရက်အကြား  သေဆုံးသူ ၅၈၂၅ ဦးရှိကြောင်း၊ သေဆုံးမှု၏ ၁၇ ဒသမ ၁ ရာခိုင်နှုန်းသည် အသက် ၇၀ အရွယ်များဖြစ်ကြောင်း၊ ၄၁ ဒသမ ၂ ရာခိုင်နှုန်းသည် အသက် ၈၀ အရွယ်များဖြစ်ကြောင်းနှင့် ၃၃ ဒသမ ၉ ရာခိုင်နှုန်းသည် အသက် ၉၀ အရွယ်များဖြစ်သည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ကျွမ်းကျင်ပညာရှင်များကသက်ကြီးစောင့်ရှောက်ရေးဂေဟာများတွင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့ နေသဖြင့် သေဆုံးမှုထပ်မံမြင့်တက်လာနိုင်ကြောင်း သတိပေးပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.