မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ မထေရ်မြတ်၏ (၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူ တော်မင်္ဂလာနှင့် မဇ္စျိမာလင်္ကာရသာမဏေကျော်အသင်း ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ









ရန်ကုန်  ဇန်နဝါရီ ၁၄


မဇ္စျိမဂုဏ်ရည် မဟာစည်သာနာ့ရိပ်သာကြီးများ၏ ပဓာနမဟာနာယက၊ ဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်း၊ ပြည်ပမဟာစည်နာယက၊ သာသနတက္ကသီလဓမ္မာစရိယ၊ B.A(Buddhism), M.A(Buddhist Studies, India), Ph.D(Sanskrit University India) မဇ္စျိမဂုဏ်ရည် ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ မထေရ်မြတ်၏ (၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူ တော်မင်္ဂလာနှင့် စာအောင်သံဃာ ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ မဇ္စျိမဂုဏ်ရည် မဟာစည်တောရရိပ်သာကြီးအတွင်းရှိ မဇ္စျိမဂုဏ်ရောင် မဟာဓမ္မဗိမာန် တော်ကြီး၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက် ပဓာန၊ နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ တိလောကာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များ တက် ရောက်ကြည်ညိုကြသည်။


အခမ်းအနားတွင် ရွာမပရိယတ္တိစာသင်တိုက် ပဓာန၊ နာယက ဆရာတော် ဘဒ္ဒန္တ တိလောကာ ဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ထို့နောက် မဇ္စျိမာလင်္ကာရ သာမဏေကျော်အသင်းကြီး၏ ဦးဆောင်ဆရာတော် မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒက မဇ္စျိမာလင်္ကာရသာမဏေကျော်ဘွဲ့ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များကို ဂုဏ်ယူဝမ်း မြောက်ကြောင်း နှုတ်ခွန်းဆက်စကား မိန့်ကြားတော်မူသည်။


ယင်းနောက် ဇေတဝန်ဓမ္မာရုံဆရာတော် ဒေါက်တာအရှင်သောပါက က စာအောင် သံဃာတော်အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အလှူရှင်များက ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခဲ့သည် မဇ္စျိမာလင်္ကာရသာမဏေကျော် စာမေးပွဲကြီး၌ တတိယအဆင့်ကို အောင်မြင်တော်မူသည့် "မဇ္စျိမာလင်္ကာရသာမဏေ ကျော်ဘွဲ့ရ" သာသနာ့အာဇာနည် အရှင်မြတ်များနှင့် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် သုံးဆင့်လုံးတွင် ဂုဏ်ထူးဖြင့် အောင်မြင်တော်မူခဲ့ကြသည့် သာသနာ့ အာဇာနည်အရှင်မြတ်(၉)ပါးတို့ကို ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် မဇ္စျိမာလင်္ကာရ သာမဏေကျော်စာမေးပွဲ ကျင်းပရေးအတွက် ပြည်ထောင်စုဝန်ကြီးက အလှူတော်ငွေ ကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းရာ မဇ္စျိမာ လင်္ကာရသာမဏေကျော်အသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာဒေါ်နီနီက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။


ယင်းနောက် မဇ္စျိမာလင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပရေးအတွက် တစ်ကောင်ဘွားကုမ္ပဏီလီမိတက်မိသားစုက ငွေကျပ်သိန်း ၅၀၀၀၊ (USA)အောင်စိုးပိုင်ဆန်ပွဲရုံ ဘုရင့်နောင်က ငွေကျပ်သိန်း ၃၀၀၀၊ မြအဏ္ဏဝါပွဲရုံ ဘုရင့်နောင်က ငွေကျပ်သိန်း ၃၀၀၀၊ ရွှေနဒီရွှေရည်ကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၅၀ တို့ကို လှူဒါန်းကြရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။


ထို့နောက် မဇ္စျိမာလင်္ကာရသာမဏေကျော်အသင်း ဘွဲ့နှင်းသဘင်အခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ပဓာန၊ နာယက ဆရာတော် ဘဒ္ဒန္တတိ လောကာ ဘိဝံသ၊ မဇ္စျိမာလင်္ကာရ သာမဏေကျော် အသင်းကြီး၏ ဦးဆောင်ဆရာတော် မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒနှင့် ဆရာတော်များက မဇ္စျိမာလင်္ကာရ သာမဏေကျော်အသင်း စာအောင်ဆုရရှိကြသည့် သံဃာတော်များအား ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက် ပဓာန၊ နာယက ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသထံ ကြာသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ကြွရောက်လာတော်မူကြသော ဆရာတော်ဘုရားကြီးများက ဘဝတု သဗ္ဗမင်္ဂလံ(၃)ဂါထာ၊ သဗ္ဗီတိယော(၂)ဂါထာဖြင့် ရွတ်ပွားချီးမြှောက်ပြီး မဇ္စျိမာလင်္ကာရ သာမဏေကျော်အသင်းကြီး၏ ဦးဆောင်ဆရာတော် မဇ္စျိမဂုဏ်ရည် ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒထံမှ ရေစက်ချအနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။


သတင်းစဉ်

No comments

Powered by Blogger.