မောက်မယ်မြို့၌ ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း




မောက်မယ် ဇန်နဝါရီ  ၁၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အများပြည်သူနေ့စဉ် စားသုံးလျက်ရှိသည့် ဆောင်းသီးနှံများဖြစ်သော ပန်းမုန်လာ၊ ဂေါ်ဖီထုတ်၊ ဥဖြူ၊ ဥနီ၊ မုန်ညင်း၊ ငရုတ်၊ ကြက်သွန်မိတ်၊ နံနံပင်၊ ဆလပ်၊ ကိုက်လံ၊ ရွှေပဲရွက်၊ ရွှေပဲသီး၊ တိုင်ထောင်ပဲ၊ သခွါး၊ ကြက်ဟင်းခါး၊ ချဉ်ပေါင်၊ ပဲတောင့်ရှည်၊ ခရမ်းသီးပင်များကို စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ  ခြံစိုက်တောင်သူများက မြေအောက်ရေနှင့် နမ့်ယွမ်းချောင်းရေကိုအမှီပြု၍ စီးပွားဖြစ်စိုက်ပျိုးကြရာ အထွက် နှုန်းကောင်းမွန်ပြီး စျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ 


 “ကျွန်တော်တို့နယ်မှာ မြေအောက်ရေနဲ့နမ့်ယွမ်းချောင်းရေကိုအမှီပြုပြီး ချောင်းဘေး တစ်လျှောက် နုံးမြေခြံတွေမှာ တစ်ပိုင်တစ်နိုင် ဆောင်းရာသီစိုက်ပျိုးရေးလုပ်ငန်းကို မိသားစုစားဝတ် နေရေးအတွက် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရာသီ ယခင်ကမိရိုးဖလာစိုက်ပျိုးနည်းနဲ့သာ စိုက်ပျိုးကြခဲ့ပြီးတော့ ခုနောက်ပိုင်းမှာတော့ တိုးတက်ပြောင်းလဲ လာတဲ့ အထွက်နှုန်းကောင်းတဲ့ စိုက်ပျိုးရေးနည်းပညာတွေကို အသုံးပြုစိုက်ပျိုးလာကြတယ်။ ပြီးခဲ့တဲ့နှစ်တွေက ပန်းမုံလာသီးနှံတစ်ထုတ်ကို(၂၀၀၊၃၀၀)စျေးလောက်နဲ့ ရောင်းချခဲ့ရတယ်။ ဒီနှစ်မှာ တော့ ပန်းမုံလာသီးနှံတစ်ထုတ်ကို(၈၀၀၊၉၀၀၊၁၀၀၀)စျေးနဲ့ရောင်းချရလို့ စီးပွားရေးတွက်ခြေကိုက် တယ်ဆိုရမှာပေါ့။ ပန်းမုံလာသီးနှံမှာလည်း အဖြူမျိုးနဲအစိမ်းမျိုးဟူ၍(၂)မျိုးရှိပြီး အဖြူမျိုးကတော့ တစ်ပွင့်သာပွင့်ပြီး အစိမ်းမျိုးကြတော့နှစ်ပွင့်သုံးပွင့်အထိပွင့်ပြီး ဆေးဖက်လည်းဝင်တာမို့ အစိမ်းမျိုးကို ပိုစိုက်ပါတယ်။ ဆောင်းတွင်းသီးနှံတွေဖြစ်တဲ့ ဂေါ်ဖီထုတ်၊ ဥဖြူ၊ ဥနီ၊ မုန်ညင်း၊ ငရုတ်၊ ကြက်သွန်မိတ်၊ နံနံပင်၊ ဆလပ်၊ ကိုက်လံ၊ ရွှေပဲရွက်၊ ရွှေပဲသီး၊ တိုင်ထောင်ပဲ၊ သခွါး၊ ကြက်ဟင်းခါး၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ပဲတောင့်ရှည်သီးနှံတွေ လတ်ဆတ်မှုရှိပြီး အရည်အသွေးလည်းကောင်းတာကြောင့် စျေးကောင်းရရှိပါတယ်” ဟုဒေသခံတောင်သူ နန်းနော် ကပြောသည်။

စိုင်းမျိုးသန့်(မောက်မယ်)



No comments

Powered by Blogger.