၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ




နေပြည်တော် ဇန်နဝါရီ ၂၃ 


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိသည်။


ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေ သည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။


အထက်ပါ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ယခုအသက် ၆ လသားအရွယ်တွင် အရပ် အမြင့် ၃ ပေ ၁ လက်မ၊ ကိုယ်လုံးလုံးပတ် ၄ ပေ ၁၀ လက်မ၊ ကိုယ်အလေးချိန် ၃၅၅ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင် တွင် မိခင်ဆင်မကြီးနှင့်အတူ  ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)



No comments

Powered by Blogger.