(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများ ဂုဏ်ပြုပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်



 

နေပြည်တော် ဇန်နဝါရီ ၃


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများတက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားသို့ တက်ရောက်လာကြသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ဝန်ကြီးဌာန ကိုယ်စားပြု စစ်ကြောင်းနှင့် အခြားအခန်းကဏ္ဍများတွင် အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင် ရေးအတွက် နိုင်ငံတော်ကိုယ်စား၊ ဝန်ကြီးဌာနကိုယ်စားအနေဖြင့် ဂုဏ်ပြုသည့်အနေဖြင့် ယခုအခမ်းအနားအား ကျင်းပရခြင်းဖြစ်ကြောင်း။


စိန်ရတုလွတ်လပ်ရေးနေ့တွင် ဝန်ကြီးဌာနမှ အထိမ်းအမှတ်ပြခန်းခင်းကျင်း ပြသခြင်း၊ ဂုဏ်ပြုယာဉ်တည်ဆောက်ခြင်း၊ Video Clip ၊ သရုပ်ဖော်တင်ဆက်မှုနှင့် ထိုင်ကြည့် စစ်ကြောင်း၊ စစ်ရေးပြစစ်ကြောင်းတို့ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ရာ အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ ဦးစီးပြီး ညွှန်ကြားရေးမှူးချုပ်များဖြင့် ကော်မတီများဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်လျက် ရှိကြောင်း။


ဝန်ကြီးဌာနအနေဖြင့် စစ်ရေးပြလေ့ကျင့်သည့်ဝန်ထမ်းများ လေ့ကျင့်စဉ်နှင့် အခမ်းအနား ကျင်းပမည့်နေ့ရက်များတွင် ကျန်းမာစွာ လေ့ကျင့်ဆောင်ရွက်နိုင်ရန် ကြက်ဥပြုတ်၊ ပေါင်မုန့်၊ သောက်ရေသန့်၊ အချိုရည်၊ Royal-D ဓါတ်ဆားရည် စသည့် အားဖြည့်အစား အစာများကို စီစဉ်ဆောင်ရွက်ပေးစေခဲ့ပြီး လေ့ကျင့်သည့်နေ့ရက်များကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေးထားကြောင်း။

ထို့ပြင် ချီတက်စစ်ကြောင်းတွင်ပါဝင်သည့် ဝန်ထမ်းများ၊ အထိမ်းအမှတ်ပြခန်း ခင်းကျင်းပြသရာတွင် ပါဝင်သည့် ဝန်ထမ်းများ၊ တေးသရုပ်ဖော် ကပြဖျော်ဖြေရာတွင် ပါဝင်သည့် ဝန်ထမ်းများ၊ ဂုဏ်ပြုယာဉ်တွင် ပါဝင်မည့် ဝန်ထမ်းများအား တူညီဝတ်စုံ ထောက်ပံ့ခြင်းနှင့် စားသောက်စရိတ် ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်ပေးထားကြောင်း။


မိမိတို့ နိုင်ငံသမိုင်းတွင် လွန်စွာထူးခြားလေးနက်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကြီးတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင် ရွက်ကြမည့် ဝန်ထမ်းများအားလုံးကို ဝန်ကြီးဌာနကိုယ်စား ပြည်ထောင်စုဝန်ကြီးအနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ၂၀၂၃ ခုနှစ် နှစ်သစ်မင်္ဂလာအခါ သမယတွင် စိတ်သစ်ကိုယ်သစ်ဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ အောင်မြင်တိုးတက် အောင် ပိုမိုကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ တွင်ပါဝင် ဆောင်ရွက်မည့် ဝန်ထမ်းများအတွက် ဝတ်စုံစရိတ်နှင့် ဂုဏ်ပြုထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်သည်။


ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိန်ရတု လွတ်လပ်ရေးနေ့တွင် ပါဝင်တင်ဆက်မည့် တေးသရုပ်ဖော်တင်ဆက်မှုအတိုင်း ကပြဖျော်ဖြေပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများကို လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံကာ ဂုဏ်ပြုပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.