ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၇၈) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ






ရန်ကုန် ဇန်နဝါရီ ၃


ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့် အထက်အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၇၈)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုဒ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားကို နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။


ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ တိပိဋကဓရဓမ္မဘဏ္ဍာ ဂါရိက အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ.ပါဠိပါရဂူ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ထံမှ အခမ်းအနားသို့ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနားယူကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။


ယနေ့ ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်ရွှေပြား အလှူရှင် (၂၀)က ‌ရွှေပြားအချပ် (၂၄)ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၂၄)ဦးအပါအဝင် လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၁၃၁၆၆၂၉၇၉၉/ (ကျပ်သိန်း တစ်သောင်းသုံးထောင့် တစ်ရာခြောက် ဆယ့်ခြောက်သိန်းနှစ်သောင်းကိုးထောင်ခုနှစ်ရာကိုးဆယ်ကိုး) တိတိ ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.