ဆိုနီအုပ်စု ဥက္ကဋ္ဌအသစ် ခန့်အပ်
တိုကျို ဖေဖော်ဝါရီ ၃
ဆိုနီအုပ်စုသည် တိုတိုကီဟီရိုကီကို ဥက္ကဋ္ဌအသစ်အဖြစ် ခန့်အပ်ခဲ့သည် ဟု သိရသည်။ ယင်းသို့ ဥက္ကဋ္ဌအသစ် ခန့်အပ်လိုက်ခြင်းမှာ ငါးနှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အပြောင်းအလဲဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်က ကုမ္ပဏီ၌ အစည်းအဝေးပြုလုပ်ပြီးနောက် ယင်းသို့ဆုံးဖြတ်ချက် ချလိုက်ခြင်းပင်ဖြစ်သည်။ ဧပြီ ၁ ရက်မှစတင်ကာ ဥက္ကဋ္ဌအသစ် တာဝန်ယူမည်ဖြစ်သည်။ တိုတိုကီသည် ကုမ္ပဏီ၏ ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်မည်ဖြစ်သည်။
ကုမ္ပဏီသည်ပြောင်းလဲမှုများနှင့် တိုးတက်မှု များကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ဝယ်ယူသူများသည်လည်း ကုမ္ပဏီ မှ ထုတ်လုပ်သည့်ပစ္စည်းများကို ရွေးချယ်ဝယ်ယူကြလိမ့်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။
အသက် ၅၈ နှစ်ရှိပြီဖြစ်သော တိုတိုကီသည် ဆိုနီကုမ္ပဏီကို ၁၉၈၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဆိုနီဘဏ်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၎င်းသည် ဆိုနီဆက်သွယ်ရေးနှင့် စမတ်ဖုန်း လုပ်ငန်းများတွင်လည်း ဦးဆောင်ခဲ့သူဖြစ်သည်။ လက်ရှိဥက္ကဋ္ဌ ယိုရှိဒါကီနီချီရိုသည် စီအီးအိုအဖြစ် တာဝန်ယူလုပ်ကိုင်သွားမည် ဖြစ်သည်။
ဆိုနီအုပ်စုသည် ဟွန်ဒါကားကုမ္ပဏီနှင့် ပူးပေါင်းကာ လျှပ်စစ် ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသကဲ့သို့ ဂိမ်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်။ ဦးဆောင်သူ အသစ်၏နောက်တွင် ဆိုနီအုပ်စုသည် နောက်ထပ်လုပ်ငန်းချဲ့ထွင်မှုများ ပြုလုပ်သွားရန်လည်း ရည်ရွယ်ထားသည်။
အင်န်အိတ်ချ်ကေ
No comments