၂၀၂၃ ခုနှစ် ကမ္ဘာ့ရေးရာများကို မှန်းဆကြည့်ခြင်း
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များသည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုများနှင့်အတူ
နိုင်ငံတကာပဋိပက္ခများ၊ စီးပွားရေး အကျပ်အတည်းများ၊ ပြောင်းလဲလာသည့် ရာသီဥတုဆိုးရွားမှုများကြောင့်
စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် နှစ်များဖြစ်ခဲ့သည်။ သို့သော်လည်း မသေချာမရေရာသည့်
အနာဂတ်အလား အလာများ အပေါ်မှန်းမျှော်ကြည့်ပြီး ကမ္ဘာသူ ကမ္ဘာသားများသည် ၂၀၂၃ ခုနှစ်ကို
နိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတုနှင့် ကမ္ဘာ့လုံခြုံရေးတို့နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်
လာမည်ဟု အကောင်းဘက်ကသာ ရှုမြင်ထားကြသည်။
ရုရှား-ယူကရိန်းစစ်ပွဲ
၂၀၂၂ ခုနှစ်ကို လွှမ်းမိုးခဲ့သည့်
ရုရှား-ယူကရိန်း စစ်ပွဲသည် ၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပွား နေဦးမည်ဖြစ်ပြီး စစ်ပွဲ၏
ဆိုးကျိုးသက်ရောက်မှုများအဖြစ် လောင်စာဆီပြဿနာများနှင့် ဒုက္ခသည် အရေအတွက်တိုးပွားလာမှုများ
ဆက်လက်ရှိနေ ဦးမည်ဖြစ်သည်။ သံတမန်များနှင့် ငြိမ်းချမ်းရေး လိုလားသည့် နိုင်ငံတကာခေါင်းဆောင်များက
အပေးအယူလုပ်ညှိနှိုင်းကာ စစ်ပွဲရပ်ရန် ကြိုးစားဆောင်ရွက်နေသည့်တိုင် နှစ်ဖက်စလုံးတွင်
စစ်ပွဲကို ဆက်လက်တိုက်ခိုက်လိုသည့် သဘောထားများကိုသာ
မြင်တွေ့နေရသည်။
ရုရှား-ယူကရိန်းစစ်ပွဲကြောင့်
အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်တည်ရှိနေသည့်
အမေရိကန်- ဥရောပ ဆက်ဆံရေးသည် ပိုမိုအားကောင်းနေသကဲ့သို့ သဘောထားကွဲလွဲမှုများလည်း
တိုးလာဖွယ်ရှိသည်။ အမေရိကန်၏ စီးပွားရေး အကာအကွယ်ပေးရေးမူဝါဒကြောင့် ဥရောပသားများ မပျော်မရွှင်ဖြစ်ရသကဲ့သို့
မြောက်အမေရိကတိုက်၏ စီးပွားရေးသည် တရုတ်နိုင်ငံအပေါ် ဆက်လက်မှီခို နေရသည့်အတွက် အမေရိကန်တို့
မပျော်မရွှင် ဖြစ်ကြရသည်။ ယူကရိန်းနိုင်ငံအတွက် စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးဆိုင်ရာများ
ထောက်ပံ့ကူညီရမှုနှင့် ကာကွယ်ရေး အသုံးစရိတ်များ ပိုမိုသုံးစွဲလာရမှုများကြောင့် ဆက်ဆံရေးအဆင်မပြေမှုများ
ဖြစ်ပွားလာဖွယ်ရှိသည်။
ဂျပန်၊ အိန္ဒိယနှင့်
မြောက်ကိုရီးယား
၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံသည်
အဓိကျသည့် ပထဝီနိုင်ငံရေး ဇာတ်ကောင်အဖြစ် ပေါ်ထွက်လာဖွယ်ရှိသည်။ ကမ္ဘာ့တတိယမြောက် စီးပွားရေး
အင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် စီးပွားရေး
ပြန်လည်တိုးတက်မှုနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ကာကွယ်ရေးအသုံးစရိတ်ကိုလည်း
နှစ်ဆတိုးမြှင့်ထားရာ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်။
အိန္ဒိယနိုင်ငံနှင့်ပတ်သက်၍
အကောင်းဆုံး အရာများဖြစ်လာမည်ဟု ခန့်မှန်းဟောကိန်းထုတ်ထားသူများအတွက် မချင့်မရဲဖြစ်စေမည်သာဖြစ်သည်။
အိန္ဒိယသည် ရုရှားထံမှ စစ်လက်နက်နှင့် ရေနံကို ဆက်လက်ဝယ်ယူမည်ဖြစ်သည်။ အိန္ဒိယသည် တရုတ်ကိုဆန့်ကျင်သည့်
အနောက်အုပ်စုထံမှ အကူအညီများရယူနေသော်လည်း ဘက်မလိုက်သည့် ရပ်တည်ချက်သဘောထားကို ဆက်လက်ဆွဲကိုင်ထားဖွယ်ရှိသည်။
မြောက်ကိုရီးယားနိုင်ငံသည် ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသကဲ့သို့ ဒုံးကျည်စမ်းသပ်မှုများကိုလည်း
ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသည်။ ယင်းသို့လုပ်ဆောင်မှုများကို တောင်ကိုရီးယားရော၊ အမေရိကန်ရော
တားဆီးဟန့်တားနိုင်ဖွယ်မရှိဘဲ တားဆီးနိုင်သည့် တစ်ခုတည်းသောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။
တရုတ်နိုင်ငံသည် ၎င်း၏ အစွန်အဖျားအနီးဝန်းကျင်တွင် မတည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက်
ဩဇာအာဏာကို အသုံးပြု၍ တားမြစ်သွားဖွယ်ရှိသည်။
အစ္စရေး-ပါလက်စတိုင်း
အစ္စရေးအခြေချနေထိုင်မှုများ
ပိုမိုတိုးပွားလာခြင်းကြောင့် အစ္စရေး-ပါလက်စတိုင်း ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာဖွယ်ရှိသည်။
အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးက လက်ခံနိုင်မည့် ပါလက်စတိုင်း နိုင်ငံထူထောင်ရေး
ကြိုးပမ်းဆောင်ရွက်မှုမှာလည်း တိုးတက်မှုအလားအလာ၊ မျှော်လင့်ချက်အလားအလာ ဘာမျှတွေ့ရမည်မဟုတ်ပေ။
အစ္စရေး-ပါလက်စတိုင်း ပြဿနာမှာ ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း အဖြေမရသေးသည့် ပုစ္ဆာတစ်ခုအဖြစ်သာ
ဆက်လက်တည်ရှိနေမည် ဖြစ်သည်။
အီရန်
အီရန်သည် ၂၀၂၃ ခုနှစ်တွင်
အရေးကြီးဆုံး ပြဿနာဖြစ်လာဖွယ်ရှိသည်။ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများသည် စီးပွားရေးကျဆင်းလာမှု၏
နောက်ကွယ်မှတွန်းအားများ ဖြစ်လာဖွယ်ရှိသည်။ ဆန္ဒပြသူများနှင့် အပေးအယူလုပ်မည် သို့မဟုတ်
ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်မည်နှင့် ပတ်သက်၍ ခေါင်းဆောင်ပိုင်းအတွင်း သဘောထား
ကွဲလွဲမှုများ ပေါ်ပေါက်လာနိုင်သည်။ အီရန်နိုင်ငံက ရုရှားနိုင်ငံအား စစ်ရေးအကူအညီပေးနေမှုနှင့်
အမေရိကန်နိုင်ငံက ပြဿနာပတ်လည်ဝိုင်းနေသည့် အီရန်အစိုးရ၏ စီးပွားရေးကို ကယ်တင်ပေးရာ
ရောက်မည်စိုးသည့်အတွက် ၂၀၁၅ နျူကလီးယား သဘောတူညီချက်သည်လည်း ပြန်လည်အသက်သွင်းလာဖွယ်မရှိပေ။
အီရန်ခေါင်းဆောင်များသည် အစ္စရေးနိုင်ငံက တိုက်ခိုက်လာမှုကိုကာကွယ်ရန် သို့မဟုတ် စစ်ရေးအရ
အောင်မြင်မှုရရှိရန်အတွက် ၎င်းတို့၏ နျူကလီးယား လက်နက်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန်
ရွေးချယ်လာနိုင်သည်။
ကမ္ဘာ့စီးပွားရေး
ကမ္ဘာ့စီးပွားရေးသည်
လောလောဆယ် အခြေအနေတွင် လေ့လာသူအများစု ခန့်မှန်းတွက်ချက်ထားသည်ထက် ပိုမိုနှေးကွေးရုန်းကန်ရဖွယ်
ရှိနေသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း
၂ ဒသမ ၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း တကယ့်လက်တွေ့အခြေအနေတွင်
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုနှင့် အမေရိကန်ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုကို
လျှော့ချရန်ကြိုးပမ်းမှုအဖြစ် အတိုးနှုန်းကို ဆက်လက်မြှင့်တင်ရန် ဆုံးဖြတ်ထားမှုများကြောင့်
ကမ္ဘာ့စီးပွားရေးမှာ အိုင်အမ်အက်ဖ် ခန့်မှန်းထားသည်ထက် နည်းပါးသွားနိုင်သည်။ အာဖရိကနှင့်
လက်တင်အမေရိက အစိတ်အပိုင်းများတွင် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ပြင်းထန်သောရာသီဥတု
အခြေအနေများနှင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများသည်လည်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို
နှေးကွေးစေမည်ဖြစ်သည်။
ရာသီဥတု
နှစ်စဉ်ကျင်းပမြဲဖြစ်သော
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP28 ဒူဘိုင်းတွင် ကျင်းပရန် စီစဉ်ထား)သည်
စိတ်ပျက် စရာအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ စီးပွားရေးဆိုင်ရာ
စိုးရိမ်မှုများနှင့် ရာသီဥတုဆိုင်ရာ ထည့်သွင်းစဉ်းစားလုပ်ဆောင်မှုများ အကောင်အထည်မပေါ်လာမီတွင်
ကမ္ဘာကြီးပူနွေးလာမှု၏ သက်ရောက်မှုများသည် ပိုမိုဆိုးရွားလာဖွယ်ရှိသည်။
အထက်တွင် ဖော်ပြထားသည့်
အကြောင်းအရာများသည် စိတ်ကျေနပ်စရာမကောင်းသော်လည်း စိတ်ဝင်စားစရာ ကောင်းသည့်အချက်များအဖြစ်
စောင့်ကြည့်ရဦးမည်ဖြစ်သည်။
ကိုးကား -
What in the World Will Happen in 2023? ကို ဘာသာပြန်သည်။
No comments