(၇)ကြိမ်မြောက် အာဆီယံ ကျန်းမာသောနေထိုင်မှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့-၁ အစည်းအဝေး တတိယနေ့ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၂


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံ ကျန်းမာ သော လူနေမှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့ - ၁ အစည်းအဝေး (7th Meeting of ASEAN Health Cluster 1: Promoting Healthy Lifestyle) တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။ 


အစည်းအဝေးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်းက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အာဆီယံ ကျန်းမာရေးဆိုင်ရာအစုအဖွဲ့-၁ ၏ (၂၀၂၁-၂၀၂၅) လုပ်ငန်းစဉ်ပါ စီမံချက်လုပ်ငန်း များတွင် မိတ်ဖက်အဖွဲ့အစည်းများ၏ လက်ရှိပူးပေါင်းဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို မဲလ်ဘုန်းတက္ကသိုလ် (Center for Mental Health- University of Melbourne) ၊ Alive and Thrive ၊ ကုလသမဂ္ဂ ကလေးများ  ရန်ပုံငွေအဖွဲ့ (UN Children’s Fund - UNICEF)  နှင့် အရှေ့တောင်အာရှဒေသဆေး ရွက်ကြီးထိန်းချုပ်ရေးမဟာမိတ်အဖွဲ့ (South East Asia Tobacco Control Alliance - SEATCA)တို့က တင်ပြကြကာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ် (Way Forward) နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 


မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံက သဘာပတိအဖြစ်တာဝန်ယူဆောင်ရွက်ပြီး အာဆီယံ အစားအစာနှင့် အာဟာရဖူလုံရေး အစီရင်ခံစာ (၂၀၂၆) ပြုစုရေး၊ အစားအစာများတွင် အဏု အာဟာရဖြည့်စွက်ရေး၊ သဘာဝဘေး အန္တရာယ်ကျရောက်သည့် အခြေအနေတွင် အာဟာရ စောင့်ရှောက်မှုပေးခြင်းဆိုင်ရာ အာဆီယံကွန်ရက်တည်ထောင်ရေး၊ သင်တန်းလက်စွဲပြုစုရေး နှင့်သင်တန်းပို့ချရေး၊ ဒေသတွင်း အစားအစာ နှင့်အာဟာရဖူလုံရေးအတွက်  ကဏ္ဍပေါင်းစုံ ပါဝင်သောစနစ် တည်ထောင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

ထို့ပြင် အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးက အာဆီယံကျန်းမာရေးဆိုင်ရာအစုအဖွဲ့- ၁ ၏  နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်များ၏ အမည်စာရင်းနှင့် အစည်းအဝေး အစီရင်ခံစာ (မူကြမ်း)ကို တင်ပြရာ အဖွဲ့ဝင်နိုင်ငံများနှင့် တက်ရောက်လာသူများက အတည်ပြုကြပြီး (၈) ကြိမ်မြောက် အာဆီယံကျန်းမာသောလူနေမှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့ - ၁ အစည်းအဝေး ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ရေးကိစ္စများကို ဆွေးနွေးကြသည်။


ထို့နောက် ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများ၏ ကျန်းမာ ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ မြန်မာနိုင်ငံဆိုင်ရာ သဘာပတိ (ASEAN Senior Officials' Meeting on Health Development – SOMHD ၏ Focal Point)ဖြစ်သူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းက အစည်းအဝေး သုံးရက်တာကာလအတွင်း အပြုသဘောဆောင်သည့် ဆွေးနွေးချက်များအပေါ် များစွာအားရကျေနပ်မိပါကြောင်း၊ အာဆီယံ ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့ - ၁ ၏ (၂၀၂၁-၂၀၂၅) လုပ်ငန်းစဉ်ပါ ဆောင်ရွက်ပြီးစီးခဲ့သည် လုပ်ငန်းများအတွက် တာဝန်ယူဆောင်ရွက်ခဲ့သော အဖွဲ့ဝင်နိုင်ငံများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အစဉ်တစိုက် ပံ့ပိုးကူညီပေးခဲ့သော အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံး၊ အဖွဲ့ဝင်နိုင်ငံများနှင့်  မိတ်ဖက် အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများအတွက်လည်း အရှိန်အဟုန်မြှင့်တင်၍  ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်   ကျန်းမာ သော အာဆီယံအသိုက်အဝန်း ပေါ်ပေါက်လာစေရေးအတွက် အတူတကွ ကြိုးစားဆောင် ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 


အစည်းအဝေးသို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အာဆီယံကျန်းမာရေးဆိုင်ရာ အစုအဖွဲ့- ၁ (ASEAN Health Cluster 1)မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။  


(သတင်းစဉ်)


No comments

Powered by Blogger.