နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်း ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲ တက်ရောက်



တောင်ကြီး ဖေဖော်ဝါရီ   ၂


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project  Show ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်း တက် ရောက်၍ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)ကို ၂၀၀၀ ပြည့်နှစ် သြဂုတ်(၁၅)ရက်တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၄)ရက် တွင် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ (၂၀)ရက် တွင် တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် သက်တမ်း(၂၃)နှစ်ရှိပြီဖြစ်ပြီး ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ဘွဲ့လွန်ကွန်ပျူတာ ဒီပလိုမာဘွဲ့နှင့် မဟာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ (၁၄၁၃)ဦးကို မွေးထုတ်ပေးခဲ့ပါကြောင်း၊ လက်ရှိ စာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၄၇၅)ဦး တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည့် အတွက် များစွာဂုဏ်ယူမိပါကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်က ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်(၁၀)သိန်းကို ပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) ဒုတိယ ပါမောက္ခချုပ်က လက်ခံရယူသည်။


ဆက်လက်၍ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်က ပထမနှစ်သင်တန်းသို့ ဝင်ခွင့်အမှတ်စဥ် (၁)၊ (၂)၊ (၃) ဖြင့် ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်  ပထမနှစ် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ်တို့က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကွန်ပျူတာသိပ္ပံသင်တန်း၊ ဒုတိယနှစ် ကွန်ပျူတာနည်းပညာသင်တန်း၊  တတိယနှစ်ကွန်ပျူတာ သိပ္ပံသင်တန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သောရှေးဦးသူနာပြု ကြက်ခြေနီသင်တန်းတွင် ဆုရရှိသူများ၊ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ ထုပ်စည်း ထိုးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများက ပအိုဝ်းတိုင်းရင်းသား ရိုးရာအက၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ အင်းတိုင်းရင်းသားရိုးရာအက၊ ပုဂံရိုးရာအကတို့ဖြင့် ကပြဖျော်ဖြေကြသည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော Project Show ပြပွဲများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.