နေပြည်တော်ကောင်စီနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း
နေပြည်တော်၊
ဖေဖော်ဝါရီ ၆
ဘေးကင်းလုံခြုံသော
အစားအစာများကို ဒေသအလိုက် ဖူလုံစွာထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသည့်
အသားငါးများကို ပြည်သူများ ပေါပေါများများ စားသုံးနိုင်ကြစေရန် နိုင်ငံတော်အစိုးရက
ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်
မွေးမြူရေးကဏ္ဍ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကနဦးရင်းနှီးမတည်ငွေအဖြစ်
ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ နည်းပညာအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ
မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တက်ညီလက်ညီ ကြိုးပမ်းအားထုတ်ကြရန်
တိုက်တွန်းပါကြောင်း ယမန်နေ့က
နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နှင့်
ပျဉ်းမနားမြို့နယ်များရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ်
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
ဒုတိယဝန်ကြီးနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာရှိ စည်းစိမ်သျှင်
အသားတိုးဝက် မွေးမြူရေးခြံ သို့ရောက်ရှိရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူက
နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် နေပြည်တော်ကောင်စီ
နယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ
တိုးချဲ့လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက
ပြောင်းလဲလာသောခေတ်စနစ်နှင့်
အညီ ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍
နိုင်ငံတော်၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ်
တည်မီနေသဖြင့် ဌာနနှင့်ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရန်
လိုအပ်ချက်များကိုဆွေးနွေးမှာကြားပြီး CP အသားတိုးဝက်များ မွေးမြူ
ထားရှိမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး
ဒေါက်တာအောင်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာအနီး
တည်ဆောက်ပြီးစီးသည့် ဆင်သေချောင်း ယာယီရေထိန်းဆည်မှ လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးရေ
စတင်ပေးဝေနေမှု၊ ရှားဆေးဖိုးကျေးရွာအနီး တည်ဆောက်ထားသည့် လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှ
စိုက်ပျိုးရေပေးဝေမှုနှင့် ရေငြိမ်ကန် တည်ဆောက်ထားရှိမှုတို့ကို
ကြည့်ရှုစစ်ဆေးပြီး ရေချိုသယံဇာတများ လေလွင့်ဆုံးရှုံးမှုလျှော့ချရေးနှင့်
ထိရောက်စွာ သုံးစွဲနိုင်ရေး ၊ ရေအသုံးချသူများအဖွဲ့ (WUG) များ တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းအုပ်စု၊
ကျီးဖြူရိုးရွာရှိ ပုဂ္ဂလိက အသားတိုးဝက်နှင့် အသားတိုးကြက် မွေးမြူရေးခြံတွင်
မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က နိုင်ငံ့စီးပွားမြှင့်တင်ရေး
ရံပုံငွေဖြင့် တိုးချဲ့လုပ်ကိုင်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှုရရှိရေး
နှင့် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်ရှိ ဆက်စပ်လုပ်ငန်းများ ဝင်ငွေတိုးတက်ရရှိရေးအတွက် ကျရာ အခန်းကဏ္ဍများက ညီညီညွတ်ညွတ်ဖြင့်
စုပေါင်းဆောင်ရွက် ကြရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments