နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ



 

ရန်ကုန် မတ် ၂၀

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၏ သားသမီးများ နွေရာသီကျောင်းပိတ်ရက် အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရွှေတိဂုံစေတီတော် အောက်ပစ္စယာအနောက်မြောက်ဘက်ရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပသည်။

 

အခမ်းအနားကို “နမောတဿ” သုံးကြိမ် ဘုရားကန်တော့ ဖွင့်လှစ်၍ ရန်ကုန်တိုင်းဓမ္မစကူး(လ်) ဖောင်ဒေးရှင်းဥက္ကဋ္ဌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဒွိပိဋကဓရဘဒ္ဒန္တသိရီကဥ္ဇနက အဖွင့်ဩဝါဒစကား မြွက်ကြားပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသိန်းထွဋ်မောင်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ဓမ္မစကူး(လ်) ဆရာ၊ ဆရာမများကိုယ်စား သင်တန်းနည်းပြ တာဝန်ခံ ဒေါ်နန်းယဉ်မင်းရွှေက သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အဆိုပါ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဝန်းထမ်းသားသမီးများ ဗုဒ္ဓဘာသာအခြေခံကောင်းများ ရရှိစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့မှ ဧပြီ ၆ ရက်အထိ အပတ်စဉ် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) တစ်ပတ်လျှင် ၃ ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းသားသမီး စုစုပေါင်း ၄၅ ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments

Powered by Blogger.