စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဧကချင်း၏ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်




နေပြည်တော် မတ် ၂၀


တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည့်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး ကြိုးပမ်းအကောင်အထည်ဖော်ရာတွင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍကပါဝင်နေကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြသည့် တာဝန်ရှိသူအဆင့်ဆင့်တို့ အနေဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင်သိရှိနားလည်ကြပြီး မိမိတို့ကျွမ်းကျင်ရာပညာရပ်များကို အကျိုးရှိစွာအသုံးချကာ ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းကြရန်လိုကြောင်း၊ မတ် ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန် ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးပြောကြားသည်။


တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးဝင်းတင်စိုးနှင့် သက်ဆိုင်ရာဦးစီးဌာန တာဝန်ရှိသူများက တိုင်းဒေသကြီး၏ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်မှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးရေသုံးစွဲနိုင်မှုနှင့် သီးထပ်စွမ်းအားတိုးမြှင့်ရေး ဆောင်ရွက်ထားရှိမှု၊ အဓိကသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်နိုင်မှု၊ ဒေသဝမ်းစာဖူလုံမှုနှင့် လယ်ယာထွက်ကုန်အခြေခံ ကုန်ချောထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ မျိုးစေ့ထုတ်လုပ်ငန်းနှင့် အသုံးချ သုတေသနလုပ်ငန်းများတွင် ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက  စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ နည်းစနစ်များဖြန့်ဝေရာတွင် တောင်သူများလက်တွေ့ မြေပြင်ဆောင်ရွက်မှုနှင့် အနီးစပ်ဆုံး အမှန်ကန်ဆုံး အနေအထားရှိအောင် နေရာစုံမှ နည်းလမ်းစုံဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အထက်ဌာနသို့ တင်ပြရာတွင် မရိုးဖြောင့်သော တင်ပြမှုများမရှိရန်လိုကြောင်း၊ မြေယာအသုံးချမှု၊ ဓါတ်မြေဩဇာ ပိုးသတ်ဆေးဖြန့်ချိ အသုံးပြုမှုလုပ်ငန်းများတွင် တည်ဆဲဥပဒေ နည်းဥပဒေများနှင့်အညီဖြစ်စေရေး၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် လိုအပ်သော ပံ့ပိုးဖြည့်ဆည်းမှုများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး ဖြည့်စွက်ဆွေးနွေး မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးနည်းပညာပေးပြခန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။


စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ မိုး၊ ဆောင်း၊ နွေ စိုက်ပျိုးရာသီတွင် စပါးဧက တစ်ဆယ့်ရှစ်သိန်းကျော်၊ ဆီထွက်သီးနှံ ဧကနှစ်ဆယ်လေးသိန်းကျော်၊ ပဲမျိုးစုံဧက နှစ်ဆယ်လေးသိန်းကျော်နှင့် သီးနှံစုံစုစုပေါင်း ဧကကိုးသန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နိုင်ငံတော်၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်သဖြင့် တစ်ဧကချင်း၏ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.