ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေဘာသာပြန်စာအုပ်အမှတ် (၉) ရာဇသတ်ကြီး (မြန်မာ-အင်္ဂလိပ်) စာအုပ်ထုတ်ဝေ




နေပြည်တော်၊ မတ် ၂၀


ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ်အမှတ် (၉) ရာဇသတ်ကြီး စာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။


ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ကို ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။


ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိရာ ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သော Penal Code ကို ရာဇသတ်ကြီးအဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး အဆိုပါရာဇသတ်ကြီးစာအုပ်သည် ဥပဒေဘာသာပြန်ကော်မရှင်ဥပဒပုဒ်မ ၁၂ အရ မူလစာမူနှင့် အလားတူအာဏာတည်ကြောင်း၊ ၁၆-၉-၂၀၂၁ ရက်နေ့တွင် ဥပဒေဘာသာပြန် ကော်မရှင်ဥက္ကဋ္ဌက အမိန့်အမှတ် ၇/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


ဥပဒေလေ့လာဖတ်ရှုလိုသူများ ပိုမိုအဆင်ပြေစေရေးအတွက် အဆိုပါ ရာဇသတ်ကြီးစာအုပ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထပ်မံပုံနှိပ်ထုတ်ဝေထားကြောင်းနှင့် ရာဇသတ်ကြီး (မြန်မာ-အင်္ဂလိပ်) စာအုပ်သည် တရားဝင်ကိုးကားသုံးစွဲနိုင်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများအတွက် အဖိုးတန်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး လူတိုင်းအတွက် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရှိရသည်။


သတင်းစဉ်

No comments

Powered by Blogger.