တပ်မတော်နေ့နှင့် သင်္ကြန်ကာလ ရုံးပိတ်ရက်မတိုင်မီ အထူးရထားများပြေးဆွဲမည်




မန္တလေး မတ် ၂၀


မန္တလေး-ရန်ကုန် အထူးရထားများအဖြစ် တပ်မတော်နေ့မတိုင်မီ မတ် ၂၄ ရက်နှင့် သင်္ကြန်ကာလ ရုံးပိတ်ရက်မတိုင်မီ ဧပြီ ၇ ရက်မှ ၈ ရက်အထိကို လေအိတ်အထူးရထားများဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


“ဒီလမှာ တပ်မတော်‌နေ့အပါအဝင် ရုံးပိတ်ရက်သုံးရက်ဖြစ်တဲ့အတွက် အများပြည်သူ သွားလာမှုအဆင်ပြေအောင် မန္တ‌လေး၊ နေပြည်‌တော်၊ ရန်ကုန် အစုန်အထူးရထားကို မတ် ၂၄ ရက်မှာ တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မဟာသင်္ကြန်ကာလ ဧပြီ ၇ ရက်နဲ့ ၈ ရက်မှာလည်း မန္တလေး-ရန်ကုန် အထူးရထားပြေးဆွဲ​ပေးမှာပါ။ ပုံမှန်ပြေးဆွဲနေတဲ့ ရထားတွေလည်း ပြေးဆွဲသွားမှာပါ။ လက်မှတ်တွေကို ရုံတွေမှာ နေ့ချင်း၊ တစ်ရက်ကြို၊ နှစ်ရက်ကြို၊ သုံးရက်ကြိုနဲ့ ဝယ်ယူနိုင်ပါတယ်” ဟု မြန်မာ့မီးရထား မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အထူးပြေးဆွဲသွားမည့် ရထားတွဲဆိုင်းတွင် ရိုးရိုးတန်း (၆)တွဲ၊ အထက်တန်း (၆)တွဲတို့ ပါရှိမည်ဖြစ်ပြီး လက်မှတ်စျေးနှုန်းများအနေဖြင့် မန္တလေး-ရန်ကုန် အမှတ်(၆)အစုန်၊ အမှတ်(၄)အစုန် ရိုးရိုးတန်းလက်မှတ် ကျပ်(၇၇၅၀)၊ အထက်တန်းလက်မှတ် ကျပ်(၁၅၄၅၀)နှင့် အထက်တန်းအိပ်စင် စျေးနှုန်းမှာကျပ် (၂၁၂၅၀)တို့ဖြစ်သည်။


မတ် ၂၄ ရက်တွင် ပြေးဆွဲမည့် လေအိတ်အထူးရထားသည် မန္တလေးမှ စတင်ထွက်ခဲ့ပြီး လမ်းတစ်လျှောက်ရှိ ကျောက်ဆည်၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ၊ ညောင်လေးပင်ဘူတာတို့တွင် ရပ်နားပေးမည်ဖြစ်သည်။


ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြေးဆွဲမည့် လေအိတ်အထူးရထားသည် မန္တလေးမှစတင်ထွက်ခွာပြီး လမ်းတစ်လျှောက်ရှိ သာစည်၊ နေပြည်တော်၊ ပျဉ်းမနား၊ ပဲခူးဘူတာတို့တွင် ရပ်နားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်အေးချမ်း

No comments

Powered by Blogger.