ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားတက်ရောက်




စစ်တွေ မတ် ၂၀


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစုအဖွဲ့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ယခုချေးငွေကို အစုအဖွဲ့များဖြင့်၊ ကြီးကြပ်မှုကော်မတီများဖြင့် မပျောက်မပျက်ရအောင် အဓိကအားဖြင့် တိုးပွားလာအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိရပ်ရွာတွင်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခင်ထက် အထွက်နှုန်းကောင်းအောင်၊ ယခင်ထက် တိုးပွားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိသားစုတစ်စုချင်း ဖွံ့ဖြိုးတိုးတက်လာမှ မိမိရပ်ရွာ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ယခုမိမိတို့ ပေးအပ်ထားသည့် ငွေများအပေါ်တွင် ဆထက်တိုးပွားအောင်ရွက်ခြင်းဖြင့် မိသားစုလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နိုင်ကြပါစေကြောင်း ပြောကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဦးထွန်းသိန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ချေးငွေအား ပလ္လင်ပြင်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ကြရာ ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးများက ပလ္လင်ပြင်ကျေးရွာ၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် စစ်တွေ - ပလ္လင်ပြင်လမ်း၊ ကွန်ကရစ်လမ်းခင်း နေမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးနေမှုများနှင့် ချေးငွေများ စနစ်တကျ လည်ပတ်သုံးစွဲနိုင်ရေး အခြေအနေများကို ဆွေးနွေးပြောကြားကြသည်။


အဆိုပါအခမ်းအနားတွင် ပလ္လင်ပြင်ကျေးရွာရှိ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစုအဖွဲ့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေကျပ်သိန်း ၆၀၀ အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.