နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် မတ် ၂၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။                   

                                   

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာ မှုထန်နှင့် ဦးမောင်ကို၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်းတင်ပြဆွေးနွေး

 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် စက်မှုဇုန်များ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ MSME ထုတ်ကုန်ပြပွဲများ၊ ဈေးရောင်းပွဲတော်နှင့် Talk Show များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းပို့ချပေးခြင်းများ ဆောင်ရွက်လျက်ရှိမှုနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ရှင်များဖြစ်ကြသည့် စစ်ကိုင်းမြို့ စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးကိုကိုမြင့်၊ စစ်ကိုင်းမြို့ကုန်သည် လုပ်ငန်းရှင်များကိုယ်စား ဦးထွန်းထွန်းဦး၊ ရွှေဘိုမြို့ စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးဖြိုးသူရ၊ ရွှေဘိုမြို့ ကုန်သည်လုပ်ငန်းရှင်များကိုယ်စား ဦးကျော်ငွေ၊ ကလေးမြို့ စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးဇော်ဝမ်း၊ ကလေးမြို့ ကုန်သည်လုပ်ငန်းရှင်များ ကိုယ်စား ဦးစိုးမြင့်၊ မုံရွာမြို့ စက်မှုလုပ်ငန်းရှင်များ ကိုယ်စား ဦးခင်မောင်ညို၊ မုံရွာမြို့ ကုန်သည်လုပ်ငန်း ရှင်များကိုယ်စား ဦးသန်းဌေးအောင်နှင့် တက်ရောက် လာကြသူများက စစ်ကိုင်းစက်မှုဇုန်ဆိုင်ရာ အချက် အလက်များနှင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှု၊ စစ်ကိုင်းမြို့၌ စက်သုံးဆီလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှု၊ ဆန်စက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများကို နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက် စေလိုမှု၊ အရည်အသွေးကောင်းများကို ပိုင်ဆိုင်ထား သည့် ရွှေဘိုပေါ်ဆန်းကို ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ဖြည့်ဆည်းပေးစေလိုမှု၊ လေကြောင်း ခရီးစဉ်များကို ယခုထက် ပိုမိုပြေးဆွဲဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုဇုန်များကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုနှင့် ခေတ်မီစက်ကိရိယာများ တင်သွင်းရာတွင် ပိုမိုလျင်မြန်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုပိုမို လျင်မြန်ချောမွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုမှု၊ စစ်ကိုင်းမြို့ ရေလုံလောက်စွာ ရရှိရေးအတွက် ဆိုလာစနစ်သုံး ရေပေးဝေရေးစနစ် ဖော်ဆောင်ပေး စေလိုမှု၊ ပြည်တွင်းပြည်ပခရီးသွားများ အများဆုံး အသုံးပြုလျက်ရှိသည့် စစ်ကိုင်းတောင်ရိုးလမ်းနှင့် ကမ်းနားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေ လိုမှု၊ မြို့တွင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ကိုင်းမြို့ မြို့ရှောင်လမ်း ဆောင်ရွက်ပေးစေလိုမှု၊ ရိုးရာငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးစေလိုမှု၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် မန္တလေး-စစ်ကိုင်း-အင်းတော်-ကသာ မီးရထားလမ်း ပြေးဆွဲ ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို တင်ပြဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

 

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေး ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စပါးစိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသဖြင့် မိမိတို့ဒေသများရှိ ဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့် နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီဆောင်ရွက် ပေးလျက်ရှိမှု၊ MSME ပြပွဲ၊ ပြိုင်ပွဲများ နိုင်ငံအဝန်းဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုများသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက် စေနိုင်သည့်အတွက် လုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားကြရန် လိုအပ်မှုစသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် အလေး ထားမှတ်သား၍ တိုင်းဒေသကြီးအစိုးရအနေဖြင့် သော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမြန်ဆုံး ဆက်သွယ်၍ သော်လည်းကောင်း ဖြေရှင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 

ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယနေ့တွေ့ဆုံမှုတွင် တစ်ဦးချင်း၏ စီးပွားရေးလုပ်ငန်းများ တွင်ကြုံတွေ့ရသည့် အခက်အခဲများကို တွေ့ရှိရ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များဖြင့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့်အတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း၊ အခြားဒေသများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို မှီခိုရန်မလိုဘဲ မိမိဒေသအတွင်း ထွက်ကုန်များဖြင့် အောင်မြင်စွာ ထုတ်လုပ်နိုင်သည့်ဒေသတစ်ခု ဖြစ်သည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင် မည့်ဒေသဖြစ်ပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ်ခု အကြားတွင် တည်ရှိနေသည့် ရေခံမြေခံကောင်းများ ကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း။

 

စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာလျှင် နိုင်ငံရေးမောင်းနှင်အားနှင့်ကာကွယ်ရေး မောင်းနှင်အားကို တည်ဆောက်နိုင်မည်

 

နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင် အားတို့ဖြင့် ရပ်တည်ဆောင်ရွက်ရကြောင်း၊ စည်းလုံး ညီညွတ်မှုရှိသည့် နိုင်ငံသားများဖြင့် ရပ်တည် ဆောင်ရွက်မည်ဆိုပါက နိုင်ငံရေးအားကောင်းမွန် မည်ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း၊ နိုင်ငံ၏ကာကွယ်ရေးကိုတည်ဆောက်နိုင်ပါက နိုင်ငံတကာတွင် အထိုက်အလျောက်ဩဇာရှိနိုင် ကြောင်း၊ မောင်းနှင်အားများအနက် စီးပွားရေး မောင်းနှင်အားသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုစေနိုင်ကြောင်း၊ စီးပွားရေး မောင်းနှင်အားကောင်းမွန်မှသာ နိုင်ငံရေးနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးပညာရပ်ကို လူတိုင်းနားလည်သင့်ကြောင်း၊ အစိုးရအနေဖြင့် တစ်နိုင်ငံလုံးစီးပွားရေးနှင့် ပြည်သူလူထု၏ စီးပွားရေး တိုးတက်အောင် စီမံဆောင်ရွက်ရကြောင်း၊ မိမိတို့ နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့်နိုင်ငံတော် နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား တိုးတက်စေရေးနှင့် လူအများကို ကြီးပွားချမ်းသာစေမည့် လမ်းကြောင်း ကို မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက် ရမည်ဖြစ်ကြောင်း။

 

ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျှင် ရောင်းကုန်ပစ္စည်းများ ရရှိမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ လိုအပ်မည်ဖြစ် ကြောင်း၊ ဒေသတွင်း၌ထွက်ရှိသည့် ကုန်ကြမ်းများကို ကုန်ကြမ်းအတိုင်းသာ ရောင်းချမည်ဆိုပါက အကျိုး အမြတ်ရရှိမှုနည်းပါးမည်ဖြစ်ပြီး ကုန်ချောအဖြစ် ထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရောင်းချနိုင်မည်ဆိုပါက အကျိုးအမြတ် ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း။

 

ဒေသတွင်း အောင်မြင်စွာဆောင်ရွက်နိုင်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန်လို

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီမှုမရှိသည်ကိုတွေ့ရကြောင်း၊ စပါးစိုက်ပျိုး မှုများကို စနစ်တကျဆောင်ရွက်ပြီး တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းဝမ်းစာဖူလုံမှုကို အထောက်အကူ ပြုနိုင်သည့်အပြင် ပိုမိုထွက်ရှိသည့် ထုတ်ကုန်များကို ပြင်ပသို့ရောင်းချနိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဂျုံစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း စစ်ကိုင်းတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးမှု အမြင့်မားဆုံးဖြစ်ပြီး ယခုထက်ပိုမို ထွက်ရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဂျုံမျိုးကောင်းမျိုးသန့်များ ရရှိအောင် စိုက်ပျိုးရေးသုတေသနဌာန၊ ဂျုံစိုက် တောင်သူများနှင့် ဂျုံအသုံးပြုသူများ သုံးဦးသုံး ဖလှယ် ပူးပေါင်းဆောင်ရွက်၍ ဂျုံမျိုးကောင်း မျိုးသန့်များရရှိအောင် သုတေသနပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ စပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအထိ မျှော်မှန်း စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးမြေများကို အကျိုးရှိရှိအသုံးချရန် လိုပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးအတွက်ခွင့်ပြုထားသည့် စိုက်ပျိုး မြေ ၅ သိန်းခန့်မှာ ပြည့်မီစွာ စိုက်ပျိုးမှုမရှိသည်ကို တွေ့ရကြောင်း။

 

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ပြီး အထွက် နှုန်းတိုးတက်စေရန်အတွက် မျိုးကောင်းမျိုးသန့်များ ဖြစ်ရန်၊ မြေကောင်းမွန်ရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိရန်နှင့် စိုက်နည်းစနစ်မှန်ကန်ရန်လိုကြောင်း၊ ဓာတ်မြေဩဇာလိုအပ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူဆောင်ရွက်ပြီး တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ နို့စားနွားနှင့် အသားစားနွား မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်၊ စိုက်ပျိုးမွေးမြူရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက စစ်ကိုင်းတိုင်းဒေသကြီးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လူတို့တွင် မွေးဖွားစဉ်မှ သေဆုံးသည့်အချိန်အထိ အဝတ်အထည်များ လိုအပ်ကြောင်း၊ ထို့ကြောင့် အဝတ်အထည်များ ရက်လုပ်ခြင်းအတွက် လိုအပ်သည့် ဝါစိုက်ပျိုးမှုများကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဝါစိုက်ပျိုးမှုများကို ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှုများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်မှုကိုသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စပါး၊ ဂျုံ၊ ဝါနှင့် ဆီ ထွက်ပစ္စည်းများကို အောင်မြင်အောင် စိုက်ပျိုးနိုင် မည်ဆိုပါက ဒေသတိုးတက်မှုများကို ပိုမိုဖြစ်ထွန်းစေ ပြီး နိုင်ငံအတွက်လည်း အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။

 

ထို့ပြင် မိမိတို့နိုင်ငံ၌ စစ်ကိုင်းတိုင်းဒေသကြီးသည် ဝါးထွက်ရှိမှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း၊ အဆိုပါ ဝါးများကို အသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ဝင်ငွေ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ စက္ကူစက်ရုံများ တည်ဆောက်လိုပါကလည်း နိုင်ငံတော်အနေဖြင့် ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဒေသတွင် ရော်ဘာထွက်ရှိပြီး ရော်ဘာကိုအခြေခံသည့် မော်တော်ဆိုင်ကယ်တာယာများ၊ စက်ဘီးတာယာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ရော်ဘာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် မည်ဆိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

 

လျှပ်စစ်ဓာတ်အားလုံလောက်မှုရှိစေရေး စီမံဆောင်ရွက်လျက်ရှိ

 

မိမိတို့နိုင်ငံတွင် စားသုံးဆီနှင့် စက်သုံးဆီ လိုအပ်ချက်အတွက် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ နိုင်ငံအတွင်း စားသုံးဆီလို အပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေကြာစိုက်ပျိုးမှုများနှင့် ဆီထွက်သီး နှံများကိုလည်း အောင်မြင်အောင်စိုက်ပျိုးကြစေလိုကြောင်း၊ စက်သုံး ဆီသုံးစွဲမှုများ လျှော့ချရေးအတွက်လည်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ် ဓာတ်အားသုံး အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ် တင်သွင်းမှုများကိုလည်း ခွင့်ပြုပေးထားပြီး အချို့နေရာများတွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး အတွက်လည်း နိုင်ငံတော်မှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက် နိုင်ကြောင်း၊ လုပ်ငန်းရှင်များ တစ်ဦးချင်းအနေဖြင့်လည်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်ကြစေလိုကြောင်း၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ဆောင်ရွက်နိုင်သည့် နေရာ အများအပြားရှိကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြစ်ရေတင် လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ရေအား လျှပ်စစ်စီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိသေးသည့်အတွက် မိမိတို့ အနေဖြင့် အဆိုပါ ရေအရင်းအမြစ်များကို အကျိုး ရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့ တွင်ရှိပြီးဖြစ်သည့် သဘာဝအရင်းအမြစ်များကို အပြည့်အဝ အသုံးချနိုင်မှု မရှိခြင်းကြောင့် နိုင်ငံ၏ အကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ထိခိုက်နစ်နာလျက်ရှိကြောင်း၊ ကလေးဝကျောက်မီးသွေး ထုတ်လုပ်ခြင်းမှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရကြောင်း၊ မိမိတို့ဒေသနှင့် တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံများအနေဖြင့် ဒေသနှင့်တိုင်းပြည်၏ အကျိုးကိုကြည့်၍ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်အတွက် အကျိုးရှိစေမည့် စီမံကိန်းများ အောင်မြင်မှုမရှိစေရေး နိုင်ငံရေးအမြတ် ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို မိမိတို့၏ ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် စဉ်းစားဆုံးဖြတ် ကြစေလိုကြောင်း။

 

လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး ပညာရေးကို အားပေးဆောင်ရွက်

 

မိမိ၏ မူဝါဒမှာ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ လွှဲအပ်ပေးထားပြီးဖြစ်သဖြင့် စနစ်တကျ အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု အတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ အရင်းအနှီး၊ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အားနှင့် လူသားအရင်း အမြစ်များ လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်လူသားအရင်း အမြစ်များရရှိစေရေး ခရိုင် ၅၀ တွင် စိုက်ပျိုးမွေးမြူ ရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများ ဖွင့်လှစ် လျက်ရှိကြောင်း၊ အလားတူ သိပ္ပံကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ၎င်းမှ တစ်ဆင့် ကောလိပ်နှင့် တက္ကသိုလ်များကို တက်ရောက်နိုင်ကြောင်း၊ ယခင်ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းအနည်းဆုံးဖြစ်ကြောင်း၊ မိမိတို့သားသမီးများ၏ ပညာရည် မြှင့်တင်ရေးအတွက် ဝိုင်းဝန်းအားပေး ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ကိုယ်ပိုင်ပစ္စည်းများဖြင့် ရပ်တည်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုများစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက မြို့ပေါ်ဒေသတိုးတက်မှု ကိုသာမက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကိုပါများစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့ ဒေသတိုးတက်ရေးအတွက် ဒေသတွင် လာရောက် တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံများ အားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြ မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စည်းကမ်းစနစ် တကျရှိစေရေးအတွက် ဒေသတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများက ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ ဒေသခံများအနေဖြင့်လည်း သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နေခြင်း သည် နိုင်ငံရေးဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိနိုင်ငံအကျိုးကို ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ကိုယ်စား မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စား မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း တို့က လက်ခံရယူကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 




ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီ အလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်



 

No comments

Powered by Blogger.