လုံမုံကြိုးပြင်ကာကွယ်တော သတ်မှတ်

 



 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄၆၂)ဧကရှိ သောနယ်မြေကို “လုံမုံကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအ မှတ်(၃၀/၂၀၂၃)အရ ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့် ကျော်(၉)ရက်၊ (၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

 

လုံမုံကြိုးပြင်ကာကွယ်တော အနီးအနားရှိ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ ရေ၊ မြေ ထိန်းသိမ်းကာကွယ်ရန်၊ ဇီးဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတု ညီညွတ်မျှတစေရန်နှင့် သစ်တောဦးစီးဌာနမှ တည်ထောင်စိုက်ပျိုးခဲ့သည့် စီးပွားရေး (ထင်းရှူး) စိုက်ခင်းဟောင်းများနှင့် ယင်းတို့နှင့် တစ်ဆက်တည်းရှိသည့် သစ်တောဖုံးလွှမ်းသည့်ဧရိယာအား ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

 

လုံမုံကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း သစ်တောဦးစီးဌာနမှ တည်ထောင်စိုက်ပျိုးခဲ့သည့် တားမြစ်သစ်စာရင်းဝင် ထင်းရှူးပင်များအား ထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်သည့်အပြင် ရှဉ့်၊ တောကြက်၊ ခါ၊ ငှက်နှင့် ဂျီ စသည့် တိရစ္ဆာန်များ၏ ကျက်စားရာဒေသ တိုးပွားလာခြင်း၊ ကြိုးပြင်ကာကွယ်တောအနီးရှိ ဒေသခံပြည်သူများမှ လုပ်ကိုင်စားသောက်လျက်ရှိသော လယ်၊ ယာ၊ ဥယျာဉ်ခြံ လုပ်ငန်းများအတွက် ရေ၊ မြေနှင့် ရာသီဥတုကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

No comments

Powered by Blogger.