မူပိုင်ခွင့်နှင့် အမျိုးသမီးများ၊ ဆန်းသစ်တီထွင် တို့မြှင့်တင်
ပြည့်ထူး (မင်းဘူး)
ကမ္ဘာတစ်ဝန်းရှိ တီထွင်ဖန်တီးဆန်းသစ်သူများသည်
၎င်းတို့၏ အကြံဉာဏ်၊ စိတ်ကူးစိတ်သန်းများကို ဉာဏပစ္စည်းပိုင်ဆိုင်မှု
(Intellectual Property) ကို အသုံးပြု၍ ၎င်းတို့၏ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲလျက်ရှိသည်။
ယင်းပိုင်ဆိုင်မှုများသည် ကမ္ဘာပေါ်ရှိ လူသားများ၏ဘဝများ တိုးတက် မြင့်မားလာစေမည့် လူမှုစီးပွားအကျိုးကျေးဇူးများကို
ဆောင်ကြဉ်းပေးလျက်ရှိသည်။ ပြောင်းလဲ လာသည့် ခေတ်ကာလများအလိုက် တီထွင်ဆန်းသစ်မှုများသည်
လူသားတို့အတွက် တိုးတက်မှုများ၏ အဓိကမောင်းနှင်အား ဖြစ်လာခဲ့သည်။ မူလရှိရင်းစွဲအရာများကို
မွမ်းမံဆန်းသစ်၍ဖြစ်စေ၊ အသစ်အသစ်သောအရာများကို တီထွင်၍ဖြစ်စေ လူသားများ၏ တိုးတက်မှုဆင့်ကဲဖြစ်စဉ်များအတွက်
အဓိကအင်ဂျင်များအဖြစ် ထောက်ကန်ပေးလျက်ရှိသည်ကို တွေ့ရှိရပေမည်။
မူပိုင်ခွင့်
ဉာဏပစ္စည်းပိုင်ဆိုင်မှု တစ်နည်းအားဖြင့် မူပိုင်ခွင့်သည် တီထွင်မှုများ၊ စာပေနှင့် အနုပညာ လက်ရာများ၊ သင်္ကေတများ၊
အမည်များနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အသုံးပြုသည့်ရုပ်ပုံများ ကဲ့သို့သော
စိတ်၏ဖန်တီးမှုများ ပိုင်ဆိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ မူပိုင်ခွင့်သည် ဆန်းသစ်
တီထွင်မှုနှင့် တီထွင်ဖန်တီးမှု၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ၎င်းကို မှတ်ပုံတင်မူပိုင်များ
(patents)၊ မူပိုင်ခွင့်များ(copyrights)၊ ကုန်အမှတ်တံဆိပ်များ (trademarks) နှင့်
ကုန်သွယ်မှုလျှို့ဝှက်ချက်များ (trade secrets) ကဲ့သို့သော ဥပဒေအမျိုးမျိုးဖြင့် ကာကွယ်ပေးထားသည်။
ထို့ပြင် ဉာဏပစ္စည်း မူပိုင်ခွင့်များ (Intellectual Property Right-IPR) သည် ဖန်တီးသူများကို
သီးသန့်အခွင့်အရေးများ ပေးခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးမှုများကို
အားပေးကာ ၎င်းတို့ကိုယ်တိုင် ၎င်းတို့၏ လက်ရာများမှ အကျိုးခံစားနိုင်စေရန်နှင့် အခြားသူတို့အား
ခွင့်ပြုချက်မရှိဘဲ ကူးယူသုံးစွဲခြင်း သို့မဟုတ် ကူးယူခြင်းမှ တားဆီးပေးသည်။
ရှေးခေတ်ကာလများကတည်းကပင် လူသားများ၏
စိတ်ကူးစိတ်သန်းစွမ်းအင်များဖြင့် ကမ္ဘာကြီး ကို ပြောင်းလဲခဲ့ရာတွင် အမျိုးသားများသာမက
အမျိုးသမီးများပါ ပါဝင်ခဲ့ကြသည်။ ပထမစက်မှု တော်လှန်ရေးခေတ်မှသည် ယခု စတုတ္ထစက်မှု
တော်လှန်ရေးခေတ်အထိပင် ကျား/မအားလုံး ပါဝင် သော တီထွင်ဆန်းသစ်မှုများဖြင့် ကမ္ဘာကြီးကို
ဆင့်ကဲတိုးတက်စေခဲ့သည်။ ခေတ်အဆက်ဆက် တွင် မူပိုင်ခွင့်ဆိုင်ရာနယ်ပယ်သည် အရေးကြီးသော်လည်း
သမိုင်းကြောင်းအရ အမျိုးသားများ၏ ပါဝင်မှုများကသာ များပြားလျက်ရှိပြီး အမျိုးသမီးများ
ကိုယ်စားပြုမှုမှာ နည်းပါးသည်ကို တွေ့ရှိရသည်။ ယနေ့ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်သည် စွမ်းဆောင်ရည်
ပြည့်ဝကြသည့် အမျိုးသမီးများ ဖြစ်ကြပြီး မိသားစုအနာဂတ်ဘဝများ လှပအောင် ဖန်တီးပေးနိုင်စွမ်းရှိကြသော
ဖန်တီးရှင်များ ဖြစ်ကြ သည်။ ရှေးခေတ်ကာလကတည်းကပင် အမျိုးသမီး တီထွင်ဆန်းသစ်ကြသူများ၊
ဒီဇိုင်နာများနှင့် အနုပညာရှင်များ၊ အသိပညာရှင်များ၏ လုပ်ဆောင် ချက်များသည် ကမ္ဘာတစ်ဝန်း
လူမှုစီးပွားဘဝကို အထောက်အကူ ရရှိစေခဲ့သည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။ သို့ရာတွင် ခေတ်အဆက်ဆက်
ကျား/မ တန်းတူညီမျှမှု အားနည်းခဲ့သည့်အလျောက် အမျိုးသမီးများ၏ တီထွင်ဖန်တီးဆန်းသစ်မှုများသည်
ဉာဏမူပိုင်ခွင့်ကိစ္စရပ်များတွင် အားနည်းလျက် ရှိသည်ကို တွေ့ရှိရသည်။
အမျိုးသမီးများသည် ဂီတ၊ ရုပ်ရှင်နှင့်
ဖက်ရှင်အပါအဝင် တီထွင်ဖန်တီးမှုလုပ်ငန်းများတွင် ရှေးယခင်ကတည်းကပင် ပါဝင်ဆောင်ရွက်နေခဲ့သည်မှာ
ကြာမြင့်ပြီဖြစ်သော်လည်း အဆိုပါ ကဏ္ဍများတွင် ၎င်းတို့၏ အားထုတ်မှုများကို မကြာခဏ လျစ်လျူရှု
ထားခဲ့ကြသည်။ ထို့ကြောင့် အမျိုးသမီးများသည် အမျိုးသားများထက် မှတ်ပုံတင်မူပိုင်များ၊
ကုန်အမှတ် တံဆိပ်နှင့် မူပိုင်ခွင့်များ အနည်းငယ်သာရရှိခဲ့ပြီး မူပိုင်ခွင့်အခွင့်အရေးများတွင်
ကျား/မ ကွာဟမှုကို ဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာ့ဉာဏပစ္စည်းပိုင်ဆိုင်မှု အဖွဲ့အစည်း (World
Intellectual Property Organization -WIPO) ၏ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာမူပိုင်ခွင့်
လျှောက်ထားမှု ၂၉ ရာခိုင်နှုန်းတွင် အမျိုးသမီးတီထွင်သူ တစ်ဦးသာ ပါဝင်ကြောင်း တွေ့ရှိရသည်။
သို့ရာတွင် မကြာသေးမီ နှစ်များအတွင်း ဉာဏပစ္စည်း မူပိုင်ခွင့်၌ အမျိုးသမီးများ၏ပါဝင်မှုကို
မြှင့်တင်ရန်နှင့် ဤနယ်ပယ်တွင် ကျား/မရေးရာကွာဟမှုကို ဖြေရှင်းရန် လိုအပ်ကြောင်း ပိုမိုအသိအမှတ်ပြုလာခဲ့ကြသည်။
မူပိုင်ခွင့်များမှတစ်ဆင့် အရှိန်မြှင့်တင်ပေးရန်လိုအပ်
သို့ဖြစ်ရာ အမျိုးသမီးများ၏ တီထွင်ဖန်တီးမှုများ
တိုးပွားလာစေရန်နှင့် ၎င်းတို့၏ ကြိုးစား အားထုတ်ပံ့ပိုးမှုများသည် ဆန်းသစ်တီထွင်မှုနှင့်
တီထွင်ဖန်တီးနိုင်စွမ်းကို အရှိန်မြှင့်ရန်တို့အတွက် မူပိုင်ခွင့်များမှတစ်ဆင့် အရှိန်မြှင့်တင်ပေးရန်
လိုအပ်သည်။ ထို့ကြောင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ စတင်အသက် ဝင်လာသော ဧပြီလ ၂၆ ရက်နေ့ကို
အသိအမှတ်ပြု သည့်အနေဖြင့် ကမ္ဘာ့မူပိုင်ခွင့်နေ့အဖြစ် သတ်မှတ်ကာ WIPO အနေဖြင့် တီထွင်ဆန်းသစ်မှုတွင်
ကျား/မ တန်းတူညီမျှမှုကို မြှင့်တင်ရန်နှင့် အမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုများကို
အသိအမှတ်ပြု တန်ဖိုးထားကြောင်း သေချာစေရန် ရည်ရွယ်သည့် ကျား/မရေးရာနှင့် ဆန်းသစ်တီထွင်မှုပဏာမ
အစီအစဉ် (Gender and Innovation initiative) ကို စတင်ခဲ့သည်။
အဆိုပါအစီအစဉ်အရ အမျိုးသမီးများ၏တီထွင်
ဖန်တီးမှုလက်ရာများ ပိုမိုနေရာရရှိလာစေရေးနှင့် မူပိုင်ခွင့် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးတို့အတွက်
အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့ကျင့်ရေးအစီအစဉ်များ နှင့် လမ်းညွှန်မှုအစီအစဉ်များကဲ့သို့သော
အစီအစဉ်များနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် အခြေအနေများမှာ
တဖြည်းဖြည်း ပြောင်းလဲလာလျက်ရှိပြီး အမျိုးသမီးများအနေဖြင့် ပညာရပ်နှင့် စက်မှုလက်မှုဆိုင်ရာ
လုပ်ငန်းနယ်ပယ်တွင် ကိုယ်ပိုင်မူပိုင်ခွင့်များဖြင့် ဦးဆောင်ပါဝင်မှု ပမာဏများ တိုးပွားလာလျက်ရှိသည်။
ယနေ့ စတုတ္ထစက်မှုတော်လှန်ရေးခေတ်တွင်
အမျိုးသမီးများအနေဖြင့် ဉာဏပစ္စည်း မူပိုင်ခွင့် နယ်ပယ်အတွက် ထင်သာမြင်သာရှိသည့် ကြိုးပမ်း
အားထုတ်မှုမှာ နည်းပညာသစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်ခြင်းပင်ဖြစ်သည်။
အမျိုးသမီးများသည် မျိုးဗီဇကုထုံးများနှင့် ခုခံအားကုထုံးများ ကဲ့သို့သော ဆေးဘက်ဆိုင်ရာ
ကုသမှုအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်လာကြသကဲ့သို့ ဆိုလာပြားများနှင့် ဘက်ထရီများကဲ့သို့သော
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များတွင် အသုံးပြုရန် ပစ္စည်းများနှင့် နည်းပညာအသစ်များ
တီထွင်ဖန်တီးရာတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် အမျိုးသမီးများသည် ဇီဝနည်းပညာ၊
နာနို နည်းပညာနှင့် ဉာဏ်ရည်တုအပါအဝင် ကျယ်ပြန့် သောနယ်ပယ်များစွာတွင် သုတေသနနှင့် ဖွံ့ဖြိုး
တိုးတက်ရေးကဏ္ဍ၌ ပါဝင်လာကြသည်ကို တွေ့ရှိ ရသည်။
နာနိုနည်းပညာနယ်ပယ်တွင် မူပိုင်ခွင့်များစွာ ချီးမြှင့်ခံရ
ဥပမာတစ်ခုအနေဖြင့် နာနိုနည်းပညာနယ်ပယ်တွင်
၎င်း၏လုပ်ငန်းအတွက် မူပိုင်ခွင့်များစွာ ချီးမြှင့် ခံရသော အီဂျစ်သိပ္ပံပညာရှင် ဒေါက်တာဟယ်လာ
အယ်လ်ဆက်ဒ်ကို ညွှန်းဆိုရမည် ဖြစ်သည်။ ဒေါက်တာ အယ်လ်ဆက်ဒ်သည် ဆေးဝါးပို့ဆောင်မှု စနစ်များနှင့်
တစ်သျှူး အင်ဂျင်နီယာများကဲ့သို့သော ဇီဝဆေးပညာဆိုင်ရာ အသုံးချမှုများ၌ အသုံးပြုရန်အတွက်
ပစ္စည်းအသစ်များ တီထွင်ရာတွင် အဓိက ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။ နည်းပညာအသစ်များ ဖန်တီးခြင်းအပြင်
အမျိုးသမီးများသည် အဆိုပါ နည်းပညာများကို စီးပွားဖြစ်ထုတ်လုပ်ရာတွင်လည်း ပါဝင်လာကြသည်ကို
တွေ့ရှိရသည်။ ထို့ပြင် အမျိုးသမီးများသည် ၎င်းတို့၏ ကိုယ်ပိုင် ထွန်းသစ်စ လုပ်ငန်း
(startup)များကို တည်ထောင်၍ စွန့်ဦးတီထွင်သူများ (Entrepreneurs) ဖြစ်လာကာ မူပိုင်ခွင့်
အခွင့်အရေးများဖြင့် ၎င်းတို့၏ တီထွင်ဆန်းသစ်မှုများနှင့် စိတ်ကူးစိတ်သန်းများကို ကာကွယ်နိုင်ရန်
ကြိုးစားလာနေကြသည်ကို တွေ့ရှိရသည်။
သို့ရာတွင် အမျိုးသမီးများသည် မူပိုင်ခွင့်နှင့်
စပ်လျဉ်း၍ သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ
စိန်ခေါ်မှုများ အထူးသဖြင့် လက်ရှိကြုံတွေ့နေရသည့်ရာသီ ဥတုပြောင်းလဲမှု၊ ကျန်းမာရေး
အကျပ်အတည်းများ နှင့် နည်းပညာတိုးတက်မှုများကဲ့သို့သော ကဏ္ဍများ၌ ဉာဏပစ္စည်းမူပိုင်ခွင့်တွင်
အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍသည် အထူးအရေးကြီးလှသည်။ ဤ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင်
တီထွင်ဖန်တီးမှုဆိုင်ရာ ဖြေရှင်းနည်းများနှင့် ဆန်းသစ် တီထွင်မှုများ လိုအပ်လျက်ရှိပြီး
အမျိုးသမီးများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်သည့် အခြေအနေများပင်ဖြစ်သည်။
တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်
မျက်မှောက်ခေတ် ၂၁ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ
သိပ္ပံနှင့်နည်းပညာရပ်များ အံ့မခန်း တိုးတက်လာလျက်ရှိသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင်
အမျိုးသမီး စွမ်းအားစုကြီး၏ ပါဝင်ဆောင်ရွက်မှုကို ရယူနိုင်ရေး လိုအပ်သလို အမျိုးသမီးထုတစ်ရပ်လုံး၏
ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ပေး ရန်လိုအပ်သည်။ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု တစ်ရပ်ဖြစ်သည်။
အလားတူ အမျိုးသမီးထုအချင်းချင်း၊ နည်းပညာများကို အကျိုးရှိစွာအသုံးပြု၍ သတင်းအချက်အလက်
ဖြန့်ဖြူးမှု၊ အသိပညာပေးမှု၊ နှီးနှောဖလှယ်မှုများသည် အနာဂတ်အတွက် အင်အားများပင်ဖြစ်သည်။
အထူးသဖြင့် အမျိုးသမီးများကို နည်းပညာ
အသုံးချတတ်အောင် ငယ်စဉ်ကတည်းကပင် မြေတောင်မြှောက် သင်ကြားပေးသင့်သည်။ အမျိုးသမီးများအတွက်
အကျိုးရှိစေမည့် တီထွင် ဆန်းသစ်မှုတစ်ရပ် ထိရောက်အောင်မြင်စေရန်မှာ အခြင်းအရာအမျိုးမျိုးပေါင်းဆုံမိရန်
လိုအပ်သည်ဟု ဆိုရပေမည်။ တီထွင်ဆန်းသစ်မှုသည် စိတ်ကူးစိတ်သန်း အကြံဉာဏ်ကောင်းရုံဖြင့်
မအောင်မြင် နိုင်ပေ။ ယင်းတီထွင်ဆန်းသစ်မှုကို လက်ခံကျင့်သုံး နိုင်စေရန်အတွက် နိုင်ငံရေး၊
စီးပွားရေးနှင့် လူမှုရေး အခြေအနေများ လိုက်လျောညီထွေဖြစ်နေရန် လိုအပ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌
မကြာသေးမီနှစ်များကပင် မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ် ပေးနိုင်ရေးအတွက် ဥပဒေထုတ်ပြန်ခြင်းများအပါအဝင်
သိသာထင်ရှားသော အပြောင်းအလဲများကို ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများသည်
အခြားနိုင်ငံများရှိ အမျိုးသမီးများနည်းတူ နည်းပညာကဏ္ဍအပါအဝင် စီးပွားရေး ကဏ္ဍအသီးသီးတွင်
ပိုမိုပါဝင်လာကာ ဆန်းသစ် တီထွင်မှုများဖန်တီး၍ နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုလျက်ရှိသည်။
သို့ရာတွင် မြန်မာနိုင်ငံ၌လည်း မူပိုင်ခွင့်နယ်ပယ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာမှုကို
မြှင့်တင်ရာ၌ မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို သိရှိနားလည်မှု အားနည်းခြင်း၊
ဥပဒေဆိုင်ရာအရင်းအမြစ်များကို ရင်းနှီးကျွမ်းဝင်မှု မရှိခြင်းနှင့် မူပိုင်ခွင့်အကာအကွယ်ရရှိရန်
စာရင်းသွင်းလျှောက်ထားရာတွင် ကုန်ကျစရိတ်များအတွက် ငွေကြေးမလုံလောက်ခြင်း စသည့်ကိုင်တွယ်ဖြေရှင်းရန်
လိုအပ်လျက်ရှိသော စိန်ခေါ်မှုများစွာ ကျန်ရှိနေသေးသည်။
စီးပွားရေးလုပ်ငန်းများအတွက် အဓိကအတားအဆီး
မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ
ဦးဆောင်၍ စီးပွားရေးလုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေး မှတ်ပုံတင်ခြင်း၊ လိုင်စင်ယူခြင်း၊
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း စသည့်စီးပွားရေးဆိုင်ရာ အသိပညာများ၊ သတ်မှတ်ချက်များ၊
ဥပဒေစည်းမျဉ်းများ၊ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီသည့်အရေအတွက်မှာ
စစ်တမ်းများအရ ၂၆ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ လုပ်ငန်းရှင်အမျိုးသမီးများမှ
ပါဝင်ဖြေဆိုရာ၌ ပြည်ပဈေးကွက်များနှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့် ထိုဈေးကွက်များအတွင်းသို့
မည်သို့မည်ပုံဝင်ရောက် နိုင်မည်ဟူသော သတင်းအချက်အလက်များကို လက်လှမ်းမီရန် ခက်ခဲလျက်ရှိပြီး
၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် အဓိက အတားအဆီးဖြစ်ကြောင်း ဖြေဆိုခဲ့ကြသည်။
ယခုအခါ အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်
ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံတွင်မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ အမျိုးသမီးများ ပိုမိုပူးပေါင်းပါဝင်မှုကို
မြှင့်တင်ရန် ရည်ရွယ်သည့် အစပျိုးလုပ်ဆောင်မှုများစွာရှိလာ သည်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့်
မူပိုင်ခွင့် ဦးစီးဌာနအနေဖြင့် အမျိုးသမီး စွန့်ဦးတီထွင်သူများ အား ၎င်းတို့၏ မူပိုင်ခွင့်ဆိုင်ရာ
အခွင့်အရေးများကို နားလည်စေရန် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ သင်တန်းများနှင့်
နှီးနှောဖလှယ်ပွဲများ ပြုလုပ်ပေးလျက်ရှိပြီး မူပိုင်ခွင့်ဆိုင်ရာ အရင်းအမြစ်များ ပံ့ပိုးပေးလျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံ အမျိုးသမီးစွန့်ဦးတီထွင်သူများအသင်း (MWEA) သည် မူပိုင်ခွင့်ကာကွယ်ရေးအပါအဝင်
စီးပွားရေးကဏ္ဍ အသီးသီးတွင် အမျိုးသမီး စွန့်ဦးတီထွင်သူများကို ပံ့ပိုးကူညီရန် လုပ်ဆောင်လျက်ရှိသည်။
အဆိုပါကြိုးပမ်းမှုများရှိနေသည့် ကြားမှပင်
မြန်မာနိုင်ငံရှိ အမျိုးသမီးများအနေဖြင့် မူပိုင်ခွင့် ကာကွယ်ရေးနှင့် အခွင့်အလမ်းများကို
တန်းတူရရှိစေရန် လုပ်ဆောင်ရမည့် အလုပ်များစွာ ကျန်ရှိနေသေးသည်မှာ အမှန်ပင်ဖြစ်သည်။
မူပိုင်ခွင့်ဆိုင်ရာ ကာကွယ်ပေးမှုနှင့် အခွင့်အရေးများနှင့် စပ်လျဉ်း၍ အသိပညာများ ပိုမိုသိရှိလာစေခြင်းနှင့်
ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုများ ပိုမိုရရှိလာစေခြင်းတို့သည် မူပိုင်ခွင့်နယ်ပယ်တွင်
အမျိုးသမီးများ ပိုမိုပါဝင်လာစေရန်နှင့် ဆန်းသစ် တီထွင်မှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ
ကြိုးစားမှုများကို အသိအမှတ်ပြုတန်ဖိုးထားကြောင်း သိရှိလာ စေရန်ရည်ရွယ်၍ အရေးတကြီးလုပ်ဆောင်ရမည့်
အချက်များဖြစ်ပေသည်။
အမျိုးသမီးများ၏ တီထွင်ဆန်းသစ်နိုင်စွမ်း၊
ထုတ်လုပ်မှုစွမ်းရည်နှင့် စွမ်းအားများအရ ထုတ်ယူမှု မပြုရသေးသော အရေးပါသည့် အလားအလာများစွာသည်
မြန်မာနိုင်ငံအတွင်း တည်ရှိနေဆဲဖြစ်သည်။ “ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးစေရမည်” ဆိုသည့်အတိုင်း အမျိုးသမီး စွန့်ဦး တီထွင်သူများ၏
ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ၊ စီးပွားရေးလုပ်ငန်းသစ်များ
ပေါ်ထွန်းလာစေရန်အတွက် အဓိကကျသည့် အခွင့်အလမ်းဖြစ်ပြီး စီးပွားရေးနယ်ပယ်တွင် မတူကွဲပြား
သည့်လုပ်ငန်းများကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ထိုသို့ စီးပွားရေးကဏ္ဍ၌ အမျိုးသမီးများ၏
ပါဝင်မှုကို တိုးတက်လာစေခြင်းသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိကလမ်းကြောင်းများပင် ဖြစ်ပေသည်။ ယနေ့အထိ လက်ခံရရှိပြီးလျှောက်လွှာပေါင်း ၄၅၀၀၀ ကျော်အနက်
အမျိုးသမီးများ၏ ဦးဆောင် လျှောက်ထားမှုကို လေ့လာသုံးသပ်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း၌
မူပိုင်ခွင့်နယ်ပယ်တွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကို သိရှိနိုင်မည် ဖြစ်သည်။
အလုံးစုံအကျိုးရှိ
မြန်မာနိုင်ငံရှိ အမျိုးသမီးစွန့်ဦးတီထွင်သူများ၏
အခြေအနေကို ပိုမိုနားလည်လာပြီး ဈေးကွက်၊ နည်းပညာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော
ဝန်ဆောင်မှုများ ရရှိစေမှုတို့သည် ယင်းတို့၏ စီးပွားရေးလုပ်ငန်းများ ကြီးထွားအောင်
အထောက်အကူပြုမည့် လိုအပ်ချက်များဖြစ်သည်။ ထို့ပြင် အမျိုးသမီးများ၏ စွန့်ဦးတီထွင်မှုများမှသည်
တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး
လုပ်ငန်း (MSME) အဆင့်အထိ ရောက်ရှိလာစေရန် ပံ့ပိုးပေးရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်
တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့
ပြည်တွင်း ထုတ်ကုန်များ တင်ပို့နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် MSME လုပ်ငန်းများကို
အားပေးဆောင်ရွက် နေခြင်းဖြစ်ရာ အမျိုးသမီးများ၏ ဆန်းသစ်တီထွင်မှုများဖြင့် ဆောင်ရွက်နေသည့်
MSME လုပ်ငန်းများကို ပိုမိုအလေးထားအားပေးခြင်းဖြင့် နိုင်ငံတော်အစိုးရ၊ လုပ်ငန်းရှင်
အမျိုးသမီးနှင့် ၎င်း၏ ပံ့ပိုးမှုဖြင့် ရပ်တည်နေသော မိသားစုများ၊ ပြည်တွင်းစားသုံးသူများ
စသည်တို့ကို အလုံးစုံအကျိုးရှိစေခြင်း (all-around win)ကို ဖြစ်စေမည် ဖြစ်သည်။ အစိုးရ
အနေဖြင့် စီးပွားရေးဦးတည်ချက် (၄) ရပ်တွင် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်
ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း(MSME)များကို
ရေရှည်အာမခံချက် ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့်
အလုပ်အကိုင် အခွင့် အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”
ဟု ထည့်သွင်းချမှတ်ထားသည်။ အချုပ်အားဖြင့် ကြည့်လျှင် သွင်းကုန်အစားထိုးဆောင်ရွက်၍
ပို့ကုန်မြှင့်တင်ရေးကို ဆောင်ရွက်ရန် အစိုးရမူဝါဒက ချမှတ်ထားခြင်းဖြစ်ပြီး ယင်းအတွက်
လုပ်ငန်းဆောင်ရွက်ချက်အနေဖြင့် MSMEများကို အားပေး တိုက်တွန်းခြင်းဖြစ်သည်။
ထို့ပြင် ဥပဒေစည်းမျဉ်းများအနေဖြင့်
ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေး၊ သွင်းကုန် အစားထိုးဆောင်ရွက်နိုင်မည့် တီထွင်ဆန်းသစ်သူများ၊
စွန့်ဦးတီထွင်သူများ ပေါ်ပေါက်လာစေရေး အတွက် မဟာဗျူဟာချမှတ်ထားခြင်း၊ မူပိုင်ခွင့်
ကဲ့သို့သောဥပဒေများကို ပြဋ္ဌာန်းခြင်းများဖြင့် လမ်း ဖောက်ပေးလျက်ရှိသည်။ အမျိုးသမီးများ
အလုပ် အကိုင်ရရှိရေး၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ရရှိရေးနှင့် လူ့အဖွဲ့အစည်းများအတွင်း
အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရေး၊ ကျား/မတန်းတူညီမျှမှုရှိရေး ကိစ္စရပ်များ
ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးလာနိုင် သကဲ့သို့ အနာဂတ်မျိုးဆက်အတွက်
အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပြီး ကောင်းမွန်သည့်မူဝါဒကို ချမှတ်ဆောင်ရွက်နိုင်မည်
ဖြစ်သည်။
အကျိုးကျေးဇူးများကို ရရှိခံစားရမည်
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကဏ္ဍကို
လေ့လာကြည့်မည်ဆိုလျှင် မှတ်ပုံတင်ခွင့်ရရှိသူများ အနေဖြင့် စီးပွားရေးဆိုင်ရာနစ်နာမှုများ
ကြုံတွေ့လာရပါက တရားမကြောင်းအရ တရားစွဲဆိုနိုင်ခြင်း၊ မမှန်ကန်သည့်ကုန်ပစ္စည်းများ
ဈေးကွက်အတွင်းသို့ ဝင်ရောက်ခြင်းကို ဟန့်တားပေးနိုင်ခြင်း၊ အမှတ် တံဆိပ်ပိုင်ရှင်အတွက်
ယှဉ်ပြိုင်မှုမြင့်မားသည့် ဈေးကွက်တွင် မူပိုင်ခွင့်အကာအကွယ် ရယူထားနိုင်ခြင်း၊ စီးပွားရေး
လုပ်ငန်းများ ထိခိုက်ခြင်းမှ ကာကွယ်ဟန့်တားနိုင်ခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်
အခွင့်အရေးများကို ခံစား လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခံစား ရမည်ဖြစ်သည်။
တီထွင်ဖန်တီးသူများအတွက် ရလဒ်များအားလုံးသည်
၎င်းတို့၏ ကြိုးစားအားထုတ်မှု ကြောင့် ရရှိလာသော အသီးအပွင့်များ ဖြစ်သည်။ ယင်းအသီးအပွင့်များကို
တန်ဖိုးရှိလာစေရန်နှင့် အကြံဉာဏ်များကို လက်တွေ့အကောင်အထည်ဖော်၍ ပိုင်ဆိုင်မှုတစ်ခုအဖြစ်
အသွင်ပြောင်းပေးနိုင်သည်မှာ မူပိုင်ခွင့်သာဖြစ်သည်။ ထို့ကြောင့် မူပိုင်ခွင့်ကို နားလည်သဘောပေါက်ခြင်းနှင့်
ကာကွယ်ပေးခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ၏ စီးပွားရေးကို ပိုမိုယှဉ်ပြိုင်လာနိုင်ရန်
ပံ့ပိုးပေးနိုင်ပြီး မူပိုင်ခွင့်နှင့် ဆက်စပ်သည့် အခက်အခဲအဟန့်အတားများကို စီမံကိုင်တွယ်ဖြေရှင်းလာနိုင်စေမည်
ဖြစ်သည်။ မူပိုင်ခွင့်စနစ်ကို ထိတွေ့အသုံးပြုခြင်းဖြင့် ဆန်းသစ် တီထွင်ထုတ်ကုန်များနှင့်
ဝန်ဆောင်မှုများကို ကာကွယ်ပေးခြင်း၊ တရားဝင်ကုန်အမှတ်တံဆိပ် ဖြစ်ခြင်းကြောင့် အမြင်ပသာဒရှိကာ
ဈေးကွက်၌ ထုတ်ကုန်များ၏တန်ဖိုးနှင့် ဆွဲဆောင်မှုတို့ကို မြင့်တက်လာစေခြင်း၊ နည်းပညာနှင့်
စီးပွားရေး ဆိုင်ရာ အချက်အလက်များ၊ အသိပညာဗဟုသုတများ ရရှိလာစေခြင်း စသည့်အကျိုးကျေးဇူးများကို
ရရှိနိုင်ပေမည်။ ထို့ပြင် တစ်ဦးတည်းပိုင်ကုန်ထုတ် လုပ်မှုအကြောင်းတရားများကို တခြားသူများက
မသိရှိဘဲ အသုံးပြုမိ ခြင်းဖြစ်စေ၊ ကုန်ထုတ်လုပ်သူ၏ကိုယ်ပိုင်အချက်အလက်များ၊ ထုတ်လုပ်မှုများနှင့်
တီထွင်ဖန်တီးမှုရလဒ်များကို မတော်တဆ ပျောက်ဆုံးခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာမည့်အန္တရာယ်များကို
ရှောင်ရှားနိုင်စေမည် ဖြစ်သည်။
ကိုယ်ပိုင်လုပ်ငန်းများကို စတင်ဆောင်ရွက်
နိဂုံးချုပ်အနေဖြင့် အမျိုးသမီးများသည်
တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ အမြဲပါဝင်နေသော်လည်း
၎င်းတို့၏ ပံ့ပိုးကူညီမှုများကို အမြဲအသိအမှတ်ပြုခံရခြင်း သို့မဟုတ် တန်ဖိုးထားခံရခြင်း
မရှိခဲ့ပေ။ ပြောင်းလဲလာသည့် ကမ္ဘာ့ရေစီးကြောင်းများအလိုက် ယနေ့ ခေတ်တွင် အမျိုးသမီးများသည်
လူမှုအတားအဆီးများမှဖောက်ထွက် လွတ်မြောက်စေရန်အလို့ငှာ နည်းပညာဆန်းသစ်မှုနှင့် တီထွင်မှုစသည့်
နှစ်ရပ် ဖြင့် ၎င်းတို့၏စွမ်းရည်ကို ဖော်ထုတ်ကာကိုယ်ပိုင် လုပ်ငန်းများကို စတင်ဆောင်ရွက်လာနေကြပြီ
ဖြစ်သည်။ တီထွင်ဆန်းသစ်မှုတို့တွင် ကန့်သတ်ချက်များ ထားရှိခြင်းသည် အလားအလာရှိသည့်
အကျိုးဖြစ် စေနိုင်သော အကြံဉာဏ်များအားလုံးကို ဆုံးရှုံးစေ နိုင်သည်။ ငယ်စဉ်မှစတင်၍
ဘဝတစ်လျှောက်လုံး ထိတွေ့ရမည့် ပညာရေးမှစတင်၍ ဆန်းသစ်တီထွင်မှုကို အခြေခံသော ကျောင်းပတ်ဝန်းကျင်ကို
ဖန်တီး ပေးခြင်းအားဖြင့် အမျိုးသမီးများ၏ တီထွင်ဖန်တီး ဆန်းသစ်နိုင်စွမ်းအားကို သန္ဓေတည်ပေးရာရောက်
မည်ဖြစ်သည်။ အမျိုးသမီးများအတွက် လိုအပ်သော အရင်းအမြစ်များ၊ ပညာရေးနှင့် အခွင့်အလမ်းများကို
ပံ့ပိုးပေးခြင်းဖြင့် ဤနယ်ပယ်တွင် ကျား/မ ရေးရာ ကွာဟမှုကိုဖြေရှင်းရန်နှင့် မတူကွဲပြားသည့်
ပါဝင်မှုကိုမြှင့်တင်ရန် ကူညီပေးနိုင်မည်ဖြစ်သည်။
လက်ရှိတွင် အတည်ပြုထုတ်ပြန်ထားပြီးဖြစ်သည့်
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)၏ အခန်း(၅) လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာကဏ္ဍပါ မဏ္ဍိုင်(၁)။ အခွင့်အလမ်းနှင့်
လူတိုင်းအကျုံးဝင်မှုတွင် ကျား/မ ရေးရာ ထည့်သွင်းဆောင်ရွက်ထားသည့်မူဝါဒ ပါရှိသည်ဖြစ်ရာ
မူပိုင်ခွင့်နယ်ပယ်တွင် အမျိုးသမီးများ ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်၍ ပိုမိုကောင်းမွန်သော
ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ဖြစ်ပေါ်စေရေးအတွက် တွန်းအားတစ်ရပ်ပင်
ဖြစ်သည်။ အမျိုးသမီးများအနေဖြင့်လည်း ခေတ်နှင့် လျော်ညီစွာနေထိုင်နိုင်ရေးအတွက် ပညာရည်ပြည့်ဝ
ရေးနှင့် အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝရေး စသည့် အချက်(၂) ချက်နှင့် ပြည်စုံနေရန် လိုအပ်သည်။
သို့ဖြစ်၍ ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့ သည့် အနာဂတ်တစ်ခုအတွက် တီထွင်ဆန်းသစ်မှုကို
မြှင့်တင်ပေးနိုင်မည့် ထိရောက်၍ မျှတမှုရှိသော မူပိုင်ခွင့်ဂေဟစနစ်တစ်ခု ဖွံ့ဖြိုးလာစေရန်နှင့်
အမျိုးသမီးများ ယင်းစနစ်ကို ပိုမိုထိတွေ့လာကာ နိုင်ငံတော်က ရည်မှန်းလုပ်ဆောင်နေသည့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း
အကြံပြု ရေးသားအပ်ပါသည်။ ။

No comments