နွေဦးကာလမြူထသောအခါ
မောင်မောင်ဖြူ
၂၄-၄-၂၀၂၃ ရက်မှအဆက်
“သလိုကွ၊ ငါတော့ ကိုဖိုးလုံးကြီးကို
သိပ်မသင်္ကာဘူး။ ငါ့ကို သလိုထန်းရည်ကောင်းတွေ ချန်ထားပြီး မကောင်းတာတွေကို စုပေါင်းတဲပေးအောင်
ပြောနေတာက ခဏခဏမဟုတ်လား။ ငါ့လိုပဲ တခြားလူအချို့ကိုလည်း ပြောတယ်ထင်တယ်ကွ”
“အေး ဟုတ်တယ်ဗျ။ ကျွန်တော်လည်း ဒီလိုပဲထင်တယ်။
ဒါကြောင့်မို့ထင်ပါရဲ့၊ တစ်ခါတစ်ခါ စုပေါင်းတဲကထန်းလျက်ဟာ သိပ်ဆိုးလာတာ တွေ့ရတယ်”
“အေး၊ ဒီတော့ သူဟာစေတနာလိုလိုနဲ့ စုပေါင်းလုပ်ငန်းကို
ပျက်အောင်ဖန်တီးနေတာနဲ့ တူမနေဘူးလား”
ဆယ်ရင်၏ ထင်မြင်ချက်စကားများမှာ ကိုအေးဆွေအဖို့
စဉ်းစားစရာဖြစ်လာသည်။
“ငါတော့ သူ့စေတနာဟာ မရိုးသားဘူးလို့
ထင်တယ်ကွာ”
ကိုအေးဆွေ၏ ဦးနှောက်တွင်းဝယ် အတွေးတစ်ချက်က
ဖျတ်ခနဲဝင်လာသည်။
“ကဲ ကိုဆယ်ရင်၊ ဒီကိစ္စဟာပေါ့နေလို့တော့
မဖြစ်ဘူးဗျ။ ဒီတော့ ခင်ဗျားတခြားလူတွေကိုလည်း အမှတ်မထင် တီးခေါက်မေးကြည့်စမ်းပါဦး။
ပြီးတော့ကိုဖိုးလုံးကြီးရဲ့ ထန်းပိုင်ရှင်တွေနဲ့ ဆက်သွယ်မှုကိုလည်း အကဲခတ်စမ်းပါဦး၊
ဟုတ်လား”
“ဦးလေးစံ တော်တော် တလောက ကျွန်တော်
ကိုဖိုးလုံးတို့အကြောင်းကို ပြောခဲ့တယ်မဟုတ် လား။ အဲဒါဒီပြင်လူတွေက အရင်လို ထန်းရည်ပေးတဲ့နေရာမှာ
အမှန်အကန်ဖြစ်လာပေမဲ့ ကိုဖိုးလုံး နဲ့ ဦးဖိုးမှိန်တို့ကျ တစ်ခါတစ်ခါ ထန်းရည်ပေးမမှန်ဘူး။
နည်းတဲ့အခါ သိပ်နည်းပြီး ဆိုးတဲ့အခါသိပ်ဆိုးတယ်။ ကျွန်တော်က အကျိုးအကြောင်း မေးလိုက်တိုင်း
“ထန်းရည်မကောင်းဘူး၊ ထန်းရည်ဆုတ်လာတယ်” နဲ့ချည်း ပြောပြောနေတယ်။ ကျွန်တော်လည်း အဲဒါသူတို့ကို
ဒီလိုအများနဲ့ စုပေါင်းလုပ်တဲ့အခါမှာ ဒီလိုမလုပ်ဖို့အကြောင်း ပြောပါရဲ့။ ဦးဖိုးမှိန်တဲက
ဆင်ခြင်သွားပေမဲ့ ကိုဖိုးလုံးတဲကတော့ ဒီလိုပဲ မကြာခဏ လုပ်လုပ်နေ တယ်။ အဲဒါ ဘယ်လိုလုပ်မလဲ
ဦးလေးစံ”
ကိုအေးဆွေ၏ ပြောပြချက်များကို ဦးစံကျော်က
ကြားရသောအခါ တွေတွေကြီး စဉ်းစားနေသည်။
“ကျွန်တော်ထင်တာတော့ ဦးလေးစံ။ ဒီလို
ကိုဖိုးလုံးတို့ မကြာမကြာ ညစ်ပတ်နေမှုကြောင့် ထန်းလျက်အထွက်နည်း၊ ထွက်တဲ့ထန်းလျက် ကျတော့လည်း
မကောင်း။ ဒီတော့ ဈေးကျတော့ လည်း ဈေးနှိမ်ခံရပြီး တစ်လပြီးတစ်လ ဆိုသလို ဒီလမှာလည်း အရင်လတွေထက်
ငွေကျန်နည်းသွားတယ်လို့ ထင်တာပဲ”
ဦးစံကျော်မှာ အတော်ပင် ဦးနှောက်ခြောက်သွားပုံရသည်။
အတန်ငယ်ကြာမှ -
နေပါဦး မောင်အေးဆွေရဲ့။ သည်ကိစ္စနဲ့ပတ်သက်လို့
ဆရာကြီးဦးလှဒင်ဆီသွားပြီး မတိုင်ပင်ရ သေးဘူးလား။ အင်း၊ ငါကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့
မင်းပြောမှပဲ ဒီအခြေအနေထိဖြစ်နေတယ်ဆိုတာကို သိရတော့တယ်ကွာ။ အိမ်က မယ်လှပိုကတော့ ထန်းလျက်တွေ
မကောင်းဘူး၊ မကောင်းဘူးနဲ့ ခဏခဏ ပြောနေသံတော့ ကြားသားပဲ”
“ဟုတ်ကဲ့ ဦးလေးစံ၊ တမြန်နေ့က ကျွန်တော်ဆရာကြီးဆီသွားပြီးတော့
ဒီကိစ္စကို တင်ပြဆွေးနွေးခဲ့ပြီးပါပြီ”
“ဟင်၊ သလိုဆိုရင် ဆရာကြီးက ဘယ်လိုအကြံ
ဉာဏ်တွေပေးလိုက်သလဲ”
ဦးစံကျော်က သိလိုဇောပြင်းပြစွာဖြင့်
ကိုအေးဆွေအား အလျင်စလို မေးလိုက်၏။
“ဆရာကြီးက ဒီလိုဆိုရင် အဖွဲ့ကတာဝန်ခံပြီး
ထန်းရည်သိမ်းယူတဲ့။ ဒုတိယအဆင့်နဲ့ လုပ်လိုက်ရင် ကောင်းတဲ့ထန်းရည်ကိုယူထားပြီး မကောင်းတဲ့
ထန်းရည်ကိုပေးတဲ့ ညစ်ပတ်မှုဟာ ပျောက်ပြီးသား ဖြစ်သွားလိမ့်မယ်တဲ့”
“အေး၊ ဟုတ်သယ် ဟုတ်သယ်”
ဦးစံကျော်က ဝမ်းသာအားရဖြင့် မြည်တမ်းရင်း
ခေါင်းတဆတ်ဆတ် ညိတ်နေ၏။ သူ့မျက်နှာမှာ လည်း ယခုမှ စိတ်လက်ပေါ့ပါးသွားဘိအလား ပြုံးပြုံးကြီး
ဖြစ်နေပေတော့၏။
“ကဲ၊ မောင်အေးဆွေ။ သလိုဆိုရင် ဒီနေ့ညမှာ
အမှုဆောင်အစည်းအဝေးခေါ်ပြီး သလို ဒုတိယ အဆင့်ကိုလုပ်ဖို့ တင်ပြကွာ။ အမှုဆောင်အဖွဲ့က
သဘောတူတယ်ဆိုရင် နက်ဖြန်ခါ လချုပ်ရှင်းတမ်း အစည်းအဝေးမှာ တစ်ခါတည်း အများဆန္ဒယူပြီး
လုပ်ရအောင်။ အင်း၊ ခုမှပဲ ငါ့ရင်ထဲ ပေါ့သွားတော့ တယ်ကွာ။ တော်တော်လည်း အမြော်အမြင်ကြီးတဲ့
ပုဂ္ဂိုလ်ကြီးပဲဟေ့။ မောင်အေးဆွေတို့ဆရာကြီးကတော့”
[ ၁၉ ]
“ဘွမ်၊ ဘွမ်၊ ဘွမ်”
ထိုအသံနှင့်အတူ တောင်လေအဝှေ့တွင် ထန်းလျက်နွှေးနံ့လေးသည်
ထန်းလျက်ကျိုချက်နေသော စုပေါင်းတဲဆီမှ သင်းပျံ့လာသည်။
ကိုအေးဆွေသည် ခုတင်ပေါ်ရှိ အိပ်ရာထက်တွင်
လဲလျောင်းနေရင်း မောင်စူးစမ်းရေးသည့် “မာ့က်စ် ဘောဂဗေဒ” စာအုပ်ကိုဖတ်လျက်ရှိ၏။ စာအုပ်မှာ
ဝတ္ထုစာအုပ်မဟုတ်ပေ။ ဆိုရှယ်လစ်စီးပွားရေး အကြောင်းကိုရေးသည့် သဘောတရားရေး ပညာပေးစာအုပ်ဖြစ်သဖြင့်
တစ်ခါတစ်ရံ ဖတ်ရင်းဖတ်ရင်း နားမလည်သော၊ မရှင်းလင်းသော နေရာသို့ရောက်သွား၏။ ထိုအခါ ဦးနှောက်ခြောက်သွားပြီး
စိတ်ဝင်စားမှုမရှိတော့။ စာအုပ်ကိုချထားလိုက်ရ၏။ ထိုနောက် ဆရာကြီးဦးလှဒင်ထံ သွားရောက်၍
မေးမြန်းဆွေးနွေးရ၏။ သို့ဖြင့် ဤစာအုပ်ကို စိတ်ဝင် စားသည့်အခါမှသာ ကောက်ဖတ်ရတော့၏။
တကယ်တော့လည်း ကိုအေးဆွေမှာ ယခုမှ ဆရာကြီး ဦးလှဒင်၏ ညွှန်ကြားချက်ဖြင့် မာ့က်စ်ဝါဒနှင့်
ပတ်သက်သော ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုင်ရာ သဘောတရားစာအုပ်စာတမ်းများကို ကောင်းနိုးရာရာ
ရွေးချယ်၍ ဖတ်နေရ၏။
ယခုလည်း ဖတ်ရင်းဖတ်ရင်း စိတ်ဝင်စားမှု
မရှိတော့ပေ။ ကိုအေးဆွေ၏အာရုံထဲသို့ ထန်းလျက်အိုး မွှေသံများက ထိုးဖောက်လာလေ၏။
“ဘူမ် ဘွမ်၊ ဘူမ် ဘွမ်”
ဤအသံများကို အဆက်မပြတ် တရစပ်ကြားနေရ၏။
ဒယ်အိုးတစ်လုံးတည်း မွှေသံကားမဟုတ်။ နှစ်လုံးသုံးလုံး ပြိုင်၍မွှေနေသံများ ဖြစ်သည်။
ထိုကြောင့် ကိုအေးဆွေသည် စာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီးလျှင် စုပေါင်းတဲဘက်ဆီသို့
ထွက်လာခဲ့လေသည်။
စုပေါင်းထန်းလျက်ကျိုချက်သော တဲတန်းရှည်ကြီးနှစ်ခုသည်
ဦးစံကျော်တို့တဲနှင့် ဦးထွန်းဖေ တို့တဲများ၏ အရှေ့ဘက်တွင်ရှိသည်။ တဲတန်း ရှည်ကြီးများကို
တောင်နှင့်မြောက် အရှည်ထား၍ ဆောက်လုပ်ထား၏။ တဲတန်းကြီးများ၏ အရှည်မှာ ၈ ပေခန်း၊ ၁ဝ
ခန်း ဖွင့်ထားသော ပေ ၈၀ စီရှိသည့် တဲတန်းရှည်ကြီးများဖြစ်၍ အနံအကျယ်မှာ ၁၆ ပေစီ ရှိလေသည်။
၎င်းတို့နှစ်ခုကို တံစက်မြိတ်ချင်းဆက်၍ ဆောက်လုပ်ထား၏။
တဲတန်းကြီးထဲသို့ ကိုအေးဆွေဝင်မိလျှင်ပင်
လုံးပြီးထန်းလျက်များကို တဲရိပ်ထဲမှာပင် ထိုမှဤမှ နေရာရွှေ့၍ လှန်းသူများ၊ ဒယ်အိုးထဲမှ
ထန်းလျက် နွေးများကို ကြီးကြီးလုံးပေးနေသူများ၊ ၎င်းမှ တစ်ဆင့် ထန်းလျက်အလုံးငယ်များအဖြစ်သို့
ရေကိုကိုင်လိုက်၊ ထန်းလျက်ကိုလုံးလိုက်ဖြင့် ယက်ပဲ့ (ဗန်း) ထဲသို့ ပစ်ကာပစ်ကာ ထည့်နေသော
ထန်းလျက်လုံးနေသူတို့အပြင် မီးလင်းဖိုများပေါ်၌ အငွေ့တထောင်းထောင်းထနေသော ဒယ်အိုးများထဲရှိ
ထန်းရည်များကို အခြားဒယ်အိုးများထဲသို့ ခပ်ယူပြောင်းထည့်နေသူများအားလည်းကောင်း၊ မီးလင်း
ဖိုအဖျားဘက်တွင် တည်ထားသော ဖျဉ်းအိုးများထဲမှ ထန်းရည်များကို မီးဖိုအရင်းဘက်ရှိ ဒယ်အိုးများ
ထဲသို့ရွှေ့ပြောင်းထည့်နေသူများအားလည်းကောင်း မျက်စိရှုပ်ခမန်း တွေ့မြင်နေရသည်။
တဲတန်းကြီး၏ တောင်ဘက်ဖျားတွင် အထက်ပါ
မြင်ကွင်းမှ ခေါင်းတိုင်တပ် မီးလင်းဖိုသုံးခု ပြုလုပ် ထားလျက်ရှိ၏။ မီးဖိုတစ်ခုစီပေါ်တွင်
ဒယ်အိုးကြီးငါးလုံးစီနှင့် ဖျဉ်းအိုးကြီးသုံးလုံးစီ တင်ကာ တည်ထားကြသည်။ ၎င်းတို့ရှိ
ထန်းရည်များမှ အငွေ့များသည် တလူလူ ထွက်လျက်ရှိ၏။ ဒယ်အိုး များမှ ထန်းရည်များသည် ကျိုက်ကျိုက်ဆူလျက်
ရှိ၏။
၎င်းနေရာတွင် တာဝန်ကျသူများသည် တစ်ဦးနှင့်
တစ်ဦး ရယ်ကာမောကာ ပြောဆိုကြရင်း မီးကြည့်၍ ထိုးနေသူက ထိုးနေသလို၊ ယောက်မကြီးများဖြင့်
ဒယ်အိုးထဲရှိ ထန်းရည်ပူများကို မွှေနေသူများက မွှေနေသည်။ ထို့အတူ အရိုးရှည်တပ်ထားသော
အုန်းမှုတ်ခွက်ဖြင့် ဖျဉ်းအိုးထဲမှ ထန်းရည်များကို အခြားဒယ်အိုးများထဲသို့ ခပ်ယူထည့်နေသူကလည်း
သူ့တာဝန်အရ ထည့်နေသည်။ ဒယ်အိုးများကို အောက်ချ၍ ထန်းလျက်သားတက်လာအောင် မွှေနေသူများကလည်း
မွှေနေသည်။
တဲတန်းကြီး၏ အလယ်လောက်တွင်မူ စောစော
မြင်ကွင်းထဲမှ ထန်းလျက်လုံးနေသူများအား တပျော်တပါးကြီး တွေ့နေရ၏။ တဲတန်းကြီးထဲရှိ အလုပ်လုပ်နေသူများသည်
အမျိုးသားအနည်း ငယ်နှင့် အမျိုးသမီးများချည်းသာ လုပ်နေကြသည်။ ကပ်လျက် တစ်ဖက်ရှိတဲတန်းရှည်ထဲမှာမူ
အဆင့် ဆင့်ပြုလုပ်ထားသော စင်များပေါ်တွင် ထန်းလျက်များ လှန်းထားသည်တို့ကို တွေ့မြင်နေရသည်။
ဤမည်သော အလုပ်တွေကြားထဲမှ ထန်းလျက်လုံးနေသော
အမျိုးသမီးအုပ်စုထဲတွင် ထွေးရီအား သနပ်ခါးအဖွေးသားဖြင့် တွေ့ရ၏။
ထွေးရီတို့ဝိုင်းတွင် ထွေးရီထက် အသက်သုံး၊
လေးနှစ်လောက်စီကြီးသော အပျိုလေး သုံးလေး ယောက်နှင့် အိမ်ထောင်သည်မိန်းမ သုံးလေးဦး တို့အား
တွေ့ရ၏။ သူတို့သည် လက်ကလည်း လျင်မြန်ဖျတ်လတ်စွာ ထန်းလျက်များကို လုံးနေသလို ပါးစပ်ကလည်း
ရယ်မောစရာများကိုပြောရင်း တသောသောရယ်မောနေကြသည်။ သူတို့နားသို့ ကိုအေးဆွေရောက်လာလျှင်
ပြောလက်စစကားများကို အရှိန်သတ်ပစ်လိုက်သည်။ သို့တစေ အိမ်ထောင်သည်မိန်းမ တစ်ဦးနှစ်ဦးကမူ
သူတို့စကားကို အရှိန်နှင့် ဆက်လက်ပြောဆဲသာ။
“ထွေးရီ ဟိုဘက်နည်းနည်းတိုးဟာ၊ ငါလည်း
လုပ်အားတစ်အားတော့ ဝင်ပေးဦးမှ။ ဒါမှ မြန်မြန် ပြီးမှာ”
ကိုအေးဆွေသည် ထွေးရီနှင့် မအုန်းတင်ကြားတွင်
ဝင်ထိုင်ရန် ဟန်ပြင်ရင်း ပြောလိုက်၏။
ထွေးရီက နေရာအနည်းငယ်ရွှေ့ပေးသော်လည်း
ကိုဆယ်ရင့်မိန်းမ မအုန်းတင်ကမူ ရွှေ့မပေးဘဲ ကိုအေးဆွေအား မော့ကြည့်လိုက်ရင်း-
ဆက်လက်ဖော်ပြပါမည်။

No comments