ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၂၉၁၂၉ ဦးကျောင်းအပ်နှံထားလျက်ရှိ








စစ်တွေ မေ  ၃၀


မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ် သွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကိုလည်း ဖွင့်လှစ်နိုင်ရန်စီစဉ် လျက်ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှသိရသည်။


ထိုသို့ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးရက် သတ္တပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ကျောင်း များ၌ ယနေ့မေလ ၃၀ ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူ ၃၂၉၁၂၉ ဦး ကျောင်းအပ်နှှံထားပြီး ဖြစ်ကြောင်းသိရသည်။


ကျောင်းများဖွင့်လှစ်နိုင်ရေး ကျောင်းအပ်လက်ခံနေမှုနှင့်ပတ်သက်၍ စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က “ကျွန်တော်တို့ ကျောင်းမှာ မေလ ၂၃ ရက်နေ့ကတည်းက စတင်ပြီး ကျောင်းအပ်နှံရေးရက်သတ္တပတ်အစီအစဉ်နဲ့ ကျောင်းအပ် လက်ခံလျက်ရှိပါတယ်၊ ဒီလိုကျောင်းအပ်လက်ခံလာခဲ့တာမှာ ဒီနေ့ဆိုရင် ကျောင်းသား၊ ကျောင်းသူ ၆၀၉ ဦး လက်ခံထားပြီး ဖြစ်ပါတယ်၊ အတန်းလိုက်ဆိုရင် Grade – 6 မှာ ကျောင်းသား ၅၁ ဦး၊ ကျောင်းသူ ၆၃ ဦး၊ Grade – 8 မှာ ကျောင်းသား ၃၁ ဦး၊ ကျောင်းသူ ၄၆ ဦး၊ Grade – 9 မှာ ကျောင်းသား ၅၄ ဦး၊ ကျောင်းသူ ၆၇ ဦး၊ Grade – 10 မှာ ကျောင်းသား ၄၁ ဦး၊ ကျောင်းသူ ၄၉ ဦး၊ Grade – 11 မှာ ကျောင်းသား ၄၇ ဦး၊ ကျောင်းသူ ၅၀ ဦး၊ Grade – 12  မှာ ကျောင်းသား ၄၄ ဦး၊ ကျောင်းသူ ၆၆ ဦးအပ်နှံထားပြီး ဖြစ်ပါတယ်၊ ဒီနှစ်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းအလွန်ကာလမှာ ကျောင်းဆောင်တွေကလည်း အပျက်အစီးတွေရှိတော့ ကျောင်းအပ်လက်ခံ ရတာ အခက်အခဲနည်းနည်းတော့ရှိခဲ့ပါတယ်၊ အခုဆိုရင် ကျောင်းဆောင်တွေလည်း ပြန်လည်မိုးကာ ပြီးဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေကျောင်းတက်ဖို့အတွက် ကျောင်းဆောင်တွေမိုးတာ၊ ပြုပြင်တာဆိုရင် ၉၉ ရာခိုင်နှုန်းလောက်ပြီးစီးသွားပါပြီ၊ ကျောင်းသား၊ ကျောင်းသူတွေလည်း ကျောင်း တက်ဖို့အတွက် အမိုးအကာအောက်မှာ လုံခြုံစွာနဲ့ နွေးနွေးထွေးထွေးစာသင်နိုင်ပါပြီး၊ ကျောင်းသား မိဘတွေနဲ့ အချို့ပြည်သူတွေက ဒီလာမည့် ဇွန်လ ၁ ရက်နေ့မှာ ကျောင်းတွေဖွင့်လှစ်မယ်ဆိုတာကို ဖြစ်နိုင်မှာမဟုတ်ဘူးလို့ သံသယစိတ်တော့ရှိကြပါလိမ့်မယ်၊ တွေးနေကြပါလိမ့်မယ်၊ ကျွန်တော်တို့ ကျောင်းအနေနဲ့ကတော့ သတ်မှတ်ထားတဲ့နေ့မှာ ကျောင်းဖွင့်လှစ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီခင်ဗျာ၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် ကျောင်းဆောင်သစ်တွေ၊ ကျောင်းဆောင်ဟောင်းတွေပါ ပျက်စီးတဲ့ နေရာမှာ ခေါင်းမိုးအပြင် မျှားတွေ၊ ဒိုင်းတွေပါ ပျက်စီးခဲ့ပါတယ်၊ အခုဆိုရင် ပြန်လည်ပြုပြင် ခဲ့တာ ကြောင့် ၉၉ ရာခိုင်နှုန်းကျော် ပြီးစီးသွားပါပြီ၊ ကျွန်တော်ကတော့ ကျောင်းအုပ်ဆရာကြီး တစ်ဦးအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကျောင်းဖွင့်လှစ်သင်ကြားနိုင်အောင် လုပ်ဆောင်ထားပါပြီ မုန်တိုင်းမတိုက်ခတ်မီကာလနဲ့ မုန်တိုင်းအလွန်ကာလ အခြေအနေကတော့ သိပ်မကွာတော့ပါဘူး အားလုံးကျောင်းဖွင့်လှစ် သင်ကြားဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ပြောကြားလိုပါတယ်။


ရခိုင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုအနေဖြင့် ယနေ့မေလ ၃၀ ရက်နေ့ထိ KG တန်းတွင် ၃၂၀၀၄ ဦး၊ G -1 တွင် ၃၆၂၄၅ ဦး၊ G - 2 တွင် ၄၂၄၆၉ ဦး၊ G -3 တွင် ၄၁၄၂၃ ဦး၊ G – 4 တွင် ၃၁၂၀၃ ဦး၊ G - 5 တွင် ၃၂၇၁၇ ဦး၊ G - 6 တွင် ၃၀၀၉၈ ဦး၊ G – 7 ၂၄၅ ဦး၊ G - 8 တွင် ၂၄၄၆၇ ဦး၊ G - 9 တွင် ၂၀၃၀၇ ဦး၊ G -10 တွင် ၁၄၀၁၄ ဦး၊ G -11 ၁၂၆၂၁ ဦးနှင့် G -12 တွင် ၁၁၃၁၅ ဦး ကျောင်းအပ်လက်ခံထားပြီးဖြစ်သည်။


ကျောင်းအပ်နှံမှုနှင့်ပတ်သက်၍ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်မှာ နေထိုင်သည့် Grade – 8 ကျောင်းသား မိဘတစ်ဦးဖြစ်သော ဒေါ်ရွှေလဲ့လဲ့သစ်က “ မုန်တိုင်းအလွန်ကာလ ကလေးတွေကျောင်း တက်ရတော့မှာဆိုတော့ နည်းနည်းတော့ စိတ်ပူမိခဲ့ပါတယ်၊ အခုတော့ ကျောင်းဆောင်တွေကို ပြန်လည်ပြင် တာတွေ၊ ပြုပြင်ပြီးစီးနေတာတွေကို မြင်ရတော့ စိတ်ချမ်းသာသလို၊ ဝမ်းလည်းဝမ်းသာ မိပါတယ်၊ ဇွန်လ ၁ ရက်နေ့အမီ ကျောင်းဖွင့်လှစ်သင်ကြားဖို့ လုပ်ထားတာတွေ့ရတော့ ကလေး တွေကျောင်းတက်ဖို့ အသင့်ဖြစ်နေပြီလို့လည်း မြင်မိပါတယ်၊ အခုလည်းဆရာကြီးက ကျောင်းသား မိဘတွေကို တွေ့ဆုံပြီး တော့ ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ခဲတံတွေကို အကုန်ထုတ်ပေးတာ တွေကို တွေ့ရပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ ဆရာ၊ မိဘ၊  ကျောင်းကော်မတီတွေ ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်သွား ရင်တော့ ကျောင်းတော်ကြီးက စည်ပင်သာယာလှပလာမှာပါဟု ပြောကြားသည်။


အလားတူ Grade – 8 တွင် ပညာသင်ကြားရန်အတွက် ကျောင်းအပ်နှံနေသည့် ကျောင်းသား မောင်သန်းထူးဇော်က “သားက စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်မှာနေပါတယ်၊ မုန်တိုင်းတိုက်တုန်း ကတော့ မြောက်ဦးမြို့ကို မုန်တိုင်းရှောင်ဖို့ သွားခဲ့ကြပါတယ်၊ မုန်တိုင်းပြီးတော့ သားတို့ပြန်လာကြတဲ့ အခါ ကျောင်းတွေ၊ အိမ်တွေပျက်စီးနေတာ တွေ့ရတော့ စိတ်ပျက်မိခဲ့ပါတယ်၊ အခုတော့ ကျောင်းတွေလည်း အမိုးတွေပြန်လည်ပြုပြင်ပြီးကြပါပြီ၊ လမ်းတွေလည်း သွားလို့ရနေပါပြီ၊ ဒါကြောင့် ကျောင်းတက်ရတော့မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်နှစ်လုံးခွဲခွါခဲ့ရ တဲ့သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်”ဟုပြောသည်။


ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် သာသနိကအဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ရုံးအဆောက်အဦများ၊ လူနေအိမ်များစသည်ဖြင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ယခုအခါ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်နယ်အစိုးရ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက အချိန်မီကျောင်းများဖွင့်လှစ် သင်ကြား နိုင်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။  


တွေ့ဆုံမေးမြန်း- တင်ထွန်း

ဓာတ်ပုံ   -  တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.