ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး



ရန်ကုန် မေ ၂၉


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်(၁)ရပ်ကွက် လေးထောင့်ကန်လမ်း၊ ခုနှစ်ပင်လိမ် ချောင်းကူး တံတားသို့သွားရောက်၍ ချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ချောင်းတစ်လျှောက် အမှိုက်နှင့်အပင်ရိုင်းများ ပေါက်ရောက်မှုမရှိစေရေး ရှင်းလင်းရန်နှင့် ချောင်းဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် မြို့‌တော်ဝန်နှင့်အဖွဲ့သည် လေးထောင့်ကန်လမ်း အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းထားသည့်  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများဖြင့် ကျောင်းဖွင့်ရာသီအမီ ကျောင်းသန့်ရှင်းသာယာသပ်ရပ်ရေးနှင့် လေပြင်းကျရောက်မှု ကြောင့် ပျက်စီးမှုများပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်သည် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ကျောင်းအုပ်ကြီး ရုံးခန်း၌တွေ့ဆုံကာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍  တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 


ထို့နောက် မြို့‌တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ သန်လျင်ချဉ်းကပ်လမ်း တစ်လျှောက် အုတ်ရေမြောင်းတည်ဆောက်နေမှုနှင့် သန်လျင်တံတားချဉ်းကပ်လမ်း၊ ရှုခင်းသာမြို့ပတ်လမ်း၊ ဗိုလ်တထောင်မြို့နယ်မှ အလုံမြို့နယ်အထိ ကမ်းနားလမ်း (ကွန်ကရိလမ်း)တစ်လျှောက် သန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)


No comments

Powered by Blogger.