ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံး ကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများ တပ်မတော်ရေယာဉ်/ ကုန်သင်္ဘော များဖြင့် သယ်ယူရောက်ရှိ၊ မုန်တိုင်းသင့်ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းနှင့် ကျောင်းအပ်နှံမှုများကို လှည့်လည်ကြည့်ရှုအားပေး



နေပြည်တော်   မေ   ၂၆


ရခိုင်ပြည်နယ်အတွင်းရှိ    သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့်  စားသောက် ဖွယ်ရာပစ္စည်းများကို    တပ်မတော်ရေယာဉ်များ၊ လေယာဉ်/ ရဟတ်ယာဉ်များ၊  မော်တော်ယာဉ်များ၊ ကုန်သင်္ဘောများဖြင့်   နေ့စဉ်   ပို့ဆောင်ပေးလျက် ရှိသည်။


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊  အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိ သူများသည် စစ်တွေဆိပ်ကမ်းသို့ တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်  MV. AQUARIUS နှင့်  FOR-TUNE ကုန်သင်္ဘောများဖြင့် သယ်ယူရောက်ရှိလာ သော    ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဖြစ်သည့်  သွပ်ပြား၊ သံချောင်း၊  သစ်ခွဲသားမျိုးစုံ၊ စက်ယန္တရားမော်တော်ယာဉ်များ၊     လျှပ်စစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ   စက်ပစ္စည်းကိရိယာများ၊ တာပေါ်လင်စများ၊ သောက်ရေသန့်နှင့် စားသောက် ဖွယ်ရာပစ္စည်းမျိုးစုံတို့ကို   ဆိပ်ကမ်းမှ  သတ်မှတ်နေရာများသို့ စနစ်တကျဖြင့် ပို့ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက    ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက ပစ္စည်းများရောက်ရှိမှုနှင့် သက်ဆိုင်ရာနေရာများသို့ စနစ်တကျ ဖြန့်ခွဲပို့ဆောင်ပေးနေမှုအခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။


ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ သမားတော်များ၊  ပါရဂူများ၊ ဆေးမှူးများ၊     သူနာပြုများပါဝင်သည့်    အထူး ဆေးကုသရေးအဖွဲ့က      စစ်တွေမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများတွင်  မုန်တိုင်းသင့်ဒေသခံ ပြည်သူများအား   အဖျားရောဂါ၊   သွေးတိုးရောဂါ၊ ဝမ်းရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြော ရောဂါများ၊   ကလေးရောဂါနှင့်   အခြားအထွေထွေ ရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့်  ဆေးဝါးကုသမှုများ  ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပြီး ရပ်ကွက်/ကျေးရွာများအတွင်းရှိ   လူနေအိမ်ခြံဝင်း အတွင်း/အပြင်နေရာများ၊       စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းနေရာများတွင် ခြင်များခိုအောင်းမှုမရှိစေရေးနှင့် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးတို့အတွက် ခြင်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ယင်းသို့   ဆောင်ရွက်နေမှုများကို   ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တိုင်းမှူးတို့က သွားရောက် ကြည့်ရှုပြီး   ဒေသခံပြည်သူများ၏ ကျန်းမာရေး အခြေအနေ များကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားကာ   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။


ထို့နောက် ဆတ်ရိုးကျရပ်ကွက်အုပ်စုအတွင်းရှိ ဗျိုင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း နှင့် စစ်တွေတပ်နယ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍   မုန်တိုင်းကြောင့်   အမိုးလန်ပျက်စီး နေသည့်  စာသင်ဆောင်များအား   ပြန်လည်ပြုပြင် နေမှုကို  ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ ယင်းနောက် (၂၀၂၃-၂၀၂၄)  ပညာသင်နှစ်အတွက်   ကျောင်းအပ်လက်ခံနေမှုကို   ကြည့်ရှုအားပေးပြီး ကျောင်းအပ်နှံရန် လာရောက် ကြသည့် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။                      

သတင်းစဉ်

No comments

Powered by Blogger.