ဆိုင်ကလုန်းမုန်တိုင်း မိုခါအလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




နေပြည်တော် မေ ၃၀

ဆိုင်ကလုန်းမုန်တိုင်း မိုခါအလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် hybrid စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်တွေမြို့သို့ရောက်ရှိနေသည့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး၊ ဆေးရုံ အုပ်ကြီးများ၊ ဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှူးများက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြသည်။ 


ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆိုင်ကလုန်းမုန်တိုင်း မိုခါကျရောက်ခြင်းဖြစ်စဉ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင် ရာလုပ်ငန်း ကော်မတီအသီးသီးမှ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြရာတွင် မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများနှင့် အနီးကပ်ကြီးကြပ်ပံ့ပိုး မှုများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် မုန်တိုင်းဒဏ်ပြင်းထန်စွာခံရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် အဆောက်အဦ အနည်းငယ်ပျက်စီးမှုများမှလွဲ၍ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တန်ဖိုးကြီးစက်ကိရိယာများ ပျက်စီးဆုံးရှုံးမှု ကြီးမားစွာမရှိခဲ့ဘဲ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မပျက်မကွက် ဆက်လက်ပေးအပ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် မေ ၁၅ ရက်မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ နယ်လှည့်အထူးကု ဆေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များက တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှသည် ကျေးလက်ဒေသများသို့ ရောက်ရှိသည်အထိ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ 

ယခု မုန်တိုင်းအလွန်ကာလတွင် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗဟိုမှညှိနှိုင်းကွပ်ကဲရေးအဖွဲ့၊ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူးများကိုတွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးရန်ဖြစ်ပါကြောင်း၊ 


မုန်တိုင်းအလွန်ကာလ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပါအဝင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗဟိုအဆင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ လမ်းညွှန်မှုကိုခံယူ၍လည်းကောင်း၊  ရခိုင်ပြည်နယ်တွင် ဒုတိယဝန်ကြီး ချုပ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အနီးကပ်ကြီးကြပ် မှုဖြင့်လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။


မုန်တိုင်းအလွန်ကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားမှု မရှိစေရေးဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံခြင်းလုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် အမီလိုက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ 


ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ စစ်တွေသူနာပြု/သားဖွား သင်တန်းကျောင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်တွေတိုင်းရင်း ဆေးရုံကြီး၊ မြို့နယ်တိုင်းရင်းဆေးခန်းများနှင့် စစ်တွေမြို့ရှိ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရုံး အမြန်ဆုံးပြင်ဆင်ပြီးစီးရေးလုပ်ငန်းများကို အမြန်ဆုံးပြီးစီးစေရေး ဆက်လက်ဆောင် ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။


အစီအစဉ်အရ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တင်ပြဆွေးနွေးကြသည်။ 


ဆက်လက်၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မင်းပြားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဘူးသီး တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ရသေ့တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြေပုံမြို့နယ်၊ မာန်အောင်မြို့နယ်၊ ကျောက်ဖြူ ခရိုင်နှင့် တောင်ကုတ်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က ကျန်းမာရေး စောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ပေးအပ်နေခြင်းနှင့် အဆောက်အဦများကို ပြင်ဆင် နေသည့် အခြေအနေများကို အသီးသီးတင်ပြကြသည်။ 


တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.