သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



နေပြည်တော်၊ မေ၂၉


ကျန်းမာရေးဝန်ကြီးဌာန၏ (၂၀၂) ခုနှစ်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် hybrid စနစ်ဖြင့် ကျင်းပသည်။  


ဉီးစွာကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း (၄၀၀)ခန့် ကူးစက်ဖြစ်ပွား လျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုအနေဖြင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံးဖြစ်ပွားကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အသက်အရွယ်ကို လေ့လာသုံးသပ်ချက်အရ ယခင်က အသက် (၁၅) နှစ်အောက်တွင် ဖြစ်ပွားမှုများပြားသော်လည်း လွန်ခဲ့သည့် (၁၀) နှစ် ကျော်မှစ၍ အသက် (၁၅) နှစ်အထက် အသက်အရွယ်အုပ်စုများတွင်ပါ ဖြစ်ပွားမှုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် (၂၀၂၀)ခုနှစ်တွင် ရောဂါ ဖြစ်ပွားသူ (၁၅,၁၃၁)ဦး၊ သေဆုံးသူ (၆၈)ဦး၊ (၂၀၂၁)ခုနှစ်တွင်  ဖြစ်ပွားသူ (၅,၄၄၆) ဦး၊သေဆုံးသူ (၃၆) ဦးနှင့် (၂၀၂) ခုနှစ်တွင် ဖြစ်ပွားသူ (၂၄,၉၇၁) ဦး သေဆုံးသူ (၉၇) ဦးရှိခဲ့ပြီး နှစ်စဉ်ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် (၀.၄) ရာခိုင်နှုန်း ခန့်ရှိ သေဆုံးမှုနှုန်းအနေဖြင့် ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း။


၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁,၇၁၇) ဦးနှင့် သေဆုံးသူ (၇)ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားမှု များပြားနေသည်ကို တွေ့ရှိရကြောင်း။


သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သောကာကွယ်ဆေးများ မရှိသေးခြင်း၊ ကုသရန် ဗိုင်းရပ်စ် ပိုးသတ်ဆေးများ မရှိသေးသည့်အတွက်ကြောင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်လိုပါကြောင်း၊  ခြင်မပေါက်ပွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းနှင့် ခြင်ကျားပိုးလောက်လမ်းနှိမ်နင်းခြင်း၊ သက်ကြီးကောင် ခြင်နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်မကိုက်အောင် နေထိုင်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ် ကလေးများနှင့် မူလတန်းကျောင်းသူ/ ကျောင်း သားများဖြစ်သည့် အသက် နှစ်မှ ၉နှစ် အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ခြင်ကျား လောက်လမ်းကင်းစင် ကျောင်းများထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ် ဆက်စပ်လျက်ရှိသော ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ ကူညီပံ့ပိုးမှု၊ စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် လူမှုရေးအဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင် ပံ့ပိုးကူညီမှုများ လိုအပ်ပါကြောင်း။


သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သည့် Abate (ပိုးလောက်လမ်း သေဆေး) သွေးလွန် တုပ်ကွေး အမြန်သွေးစစ်ကိရိယာ(RDT) ပညာပေးဗီနိုင်း၊ လုပ်ငန်းလမ်းညွှန် စာအုပ်များနှင့် ခြင်ဆေး ဖျန်းစက် (Thermal Fogging Machine)များနှင့် ကုသရေးဆိုင်ရာဆေးဝါးများကို အကျိုးရှိထိရောက်စွာ အသုံးချရန်လိုအပ်ကြောင်း။                                                                                                                                                                                                                                                  

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ကုသရေးတွေမှာအရေးပါတဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးအမျိုးအစား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး)မှ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပါသည်။


ယင်းနောက် တက်ရောက်လာသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးကြသည်။


အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများနှင့် အထူးကု ဆရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)   

No comments

Powered by Blogger.