ရှမ်းပြည်နယ်၏ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး တောင်သူများ စီးပွားရေး တွက်ချေကိုက်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ နှင့်လိုအပ် ချက်များ ညှိနှိုင်းစီမံဆောင်ရွက်



နေပြည်တော်၊ မေ  ၂၉


ရှမ်းပြည်နယ်၏ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး တောင်သူများ စီးပွားရေးတွက်ချေကိုက်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် လိုအပ်ချက်များ ညှိနှိုင်းစီမံဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ သီးနှံမျိုးစေ့ထုတ်ခြံများ၊ သုတေသနခြံများနှင့် စက်မှု လယ်ယာစခန်းများကို ကြည့်ရှု စစ်ဆေးသည်။


ရှေဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တောင်ကြီးမြို့နယ်၊ တာ‌ယောမျိုးသန့်ခြံ၏ သီးနှံမျိုးစေ့များ မျိုးသန့်မျိုးပွား စိုက်ပျိုးထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို  ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးနှင့် အထွက်ကောင်း မျိုးစေ့များ စနစ်တကျ ပွားများ ထုတ်လုပ် ဖြန့်ဖြူးရန်လိုအပ်ချက်များ၊ မျိုးရိုးဗီဇမှန်ကန်ပြီး မျိုးစေ့အရည်အသွေးနှင့်ပြည့်စုံသော မျိုးစေ့များရရှိရေး အတွက် အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။


အလားတူ တာ‌ယောစိုက်ပျိုးရေးသုတေသနခြံ၏ လယ်စပါး၊ ပဲပုပ်၊ နေကြာ သုတေသနလုပ်ငန်းများနှင့် ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံဖော်ထုတ်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး က အထွက်နှုန်းကောင်း အရည်အသွေးကောင်း သီးနှံမျိုးများ ဖော်ထုတ်ပေးနိုင်ရေး နှင့် သုတေသနဖော်ထုတ်တွေ့ရှိချက်များကို ဆက်စပ်ဌာနခြံများ၊ တောင်သူများနှင့် ပူးပေါင်း၍ လက်တွေ့အသုံးချနည်းပညာအဖြစ် ဖြန့်ဝေပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့ အမှတ်(၈) အလတ်စားစက်ပြင် အလုပ်ရုံသို့ ရောက်ရှိကြပြီး စက်မှုလယ်ယာဦးစီးဌာနက ထုတ်လုပ်ထားသည့် လယ်ယာသုံးစက်ကိရိယာများနှင့် စက်ပြင်အလုပ်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးရေးစနစ်မှ ကုန်းမြင့်လယ်ယာမြေ စိုက်ပျိုးရေးစနစ်သို့ အစားထိုးဖော်ဆောင်နေမှု များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး နှင့် စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဌာနအားလုံး ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ချက်များ၊ မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ သီးနှံထုတ်လုပ်မှုတိုးမြှင့်ရေး အတွက် ဧရိယာအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်ရန်၊ လယ်ယာသုံးစက်ကိရိယာ အသုံးပြုခြင်း ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ နည်းပညာများကို တောင်သူမိသားစုများ အကျွမ်းတဝင်ဖြစ်စေရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထုံးဖိုစိုက်ပျိုးရေး သုတေသနခြံ၏ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာ နှင့် သီးနှံကာကွယ်ရေးသုတေသနလုပ်ငန်းများ အားကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။


ထုံးဖို စိုက်ပျိုးရေးသုတေသနခြံသည် အပင်တစ်သျှူးနည်းပညာဖြင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သီးနှံနှင့် ပန်းမန်များ၊ ရှားပါး၍ မျိုးပွားရန်ခက်ခဲသော အပင်မျိုးများကို သုတေသနပြုမွေးမြူရွေးချယ်ခြင်း၊ အထူးသဖြင့် အာလူးမျိုးထုတ်လုပ်ခြင်း၊ ပြောင်းလဲလာသောရာသီဥတုကို ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ သော အထွက်နှုန်းကိုပေးနိုင်သည့် ဟင်းသီးဟင်းရွက် ပန်းမန် မျိုးကောင်းမျိုးသန့်များ သုတေသနပြု ဖော်ထုတ်ပေးခြင်း၊ ဒေသနေတောင်သူများ ကြုံတွေ့နေရသည့် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် သုတေသနများ ရှာဖွေဖော်ထုတ်ပေးခြင်း၊ တောင်သူအခြေပြု သုတေသနစခန်းများ တည်ထောင်၍ သုတေသနရလဒ်များအား လက်တွေ့စိုက်ပျိုးပြသပြီး နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.