ဒုတိယဝန်ကြီးဦးအေးကျော် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပျက်စီးခဲ့မှု ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကြည့်ရှုစစ်ဆေး




နေပြည်တော်၊ မေ ၂၉


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မေ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့၌ အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေး လိုင်းများနှင့် မြို့တွင်းဓာတ်အား ဖြန့်ဖြူးရေးလိုင်းများ ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မေ ၂၇ ရက် နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ စစ်ဆေးပြုပြင် ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကျောက်တော်မြို့နယ် အတွင်း မိုခါလေမုန်တိုင်းကြောင့် ပျက်စီးသွားသော ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကျောက်တော်ဓာတ်အားခွဲရုံ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ကျောက်တော် ဓာတ်အားလိုင်း ပြုပြင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျောက်တော်မြို့အတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေတို့နှင့် ပတ်သက်၍ ကျောက်တော်မြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်သည်။ ထို့နောက်  ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကျောက်တော် ဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်းရှိ Power Transformer နှင့် ဓာတ်အားလွှတ်ပစ္စည်းများအား စစ်ဆေးရန်ဆောင်ရွက်နေမှုနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်း နှင့် မိသားစုများနှင့်၍ တွေ့ဆုံအားပေးစကား ပြောကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ အမ်း-မြောက်ဉီး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းနှင့်  ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်း ပြင်ဆင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့အတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။


ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တွေမြို့ပေါ်ရှိ ဘိုးဘွားရိပ်သာအား ဒီဇယ်ဓာတ်အားပေးစက်ဖြင့် လျှပ်စစ် ဓာတ်အားပေးထားမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် မေ(၂၈)ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။ ယင်းနောက် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းတွင် ရောက်ရှိဆိုက်ကပ်ထားသော Sun Shine သင်္ဘောပေါ်မှ လျှပ်စစ်ဓာတ်အားလိုင်းသုံးပစ္စည်းများ ရောက်ရှိ သယ်ဆောင်နေမှုနှင့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးတစ်လျှောက် တပ်ထိန်းဂိတ်မှ ဗန္ဓုလလမ်းဆုံအထိ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်ပြုပြင်နိုင်မည့် အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့မှုများမှ ဓာတ်အားအမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံများနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးရေးလိုင်းများ ပြင်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.