ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန် ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုကြည့်ရှု့စစ်ဆေး






နေပြည်တော် မေ ၃၀ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန် သည် ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဉီးစီးဌာန၊ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဉီးစွာ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Switchyard အတွင်းတောင်ကြီးမြို့၏ တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ သယ်ပို့ဖြန့်ဖြူးနိုင်ရေးနှင့် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် လိုအပ်လျက်ရှိသည့် ၁၃၂/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက်မည့်နေရာ၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက ထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အားကို အထက်ကျိုင်းတောင်း-နမ့်စန်-တောင်ကြီး မဟာဓာတ်အားလိုင်းမှတစ်ဆင့် လက်ခံဖြန့်ဖြူးမည့် ၁၃၂ ကေဗွီ Switch Bay တိုးချဲ့ တည်ဆောက်မည့်နေရာတို့နှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အား ထိန်းညှိ ဖြန့်ဖြူးထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန် စေရေး ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား စနစ်တကျစစ်ဆေး ဆောင်ရွက် သွားရန်တို့ကို မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားထိန်းချုပ်မောင်းနှင်ကြရန်၊ ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေး အ‌လေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ ဝန်ထမ်းရေးရာ ကိစ္စရပ်များ တင်ပြမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.