ဒု-စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၃ ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ




နေပြည်တော် မေ ၃၀


ဒု-စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။


သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ဒု-စာရင်းစစ်မှူးများသည် စစ်ဆေး ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  အခြေခံကျသည့် လုပ်ငန်းတာဝန်များကို  အဓိကပါဝင် ဆောင်ရွက်ပေးကြရသူများဖြစ်သဖြင့်  စာရင်းစစ်ဆေးခြင်းဆိုင်ရာပညာ ရပ်များကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ သို့ပါ၍ ယခုသင်တန်းမှ ပို့ချမှုများသာမက ကိုယ်တိုင်လေ့လာဆည်းပူးတတ်သည့် အလေ့အကျင့်ကောင်းများဖြင့် မိမိတို့အတွက်လိုအပ်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားစေရေး စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်လည်း  ခေါင်းဆောင်၏ဉီးဆောင် လမ်းညွှန်မှုကို နားလည်သဘောပေါက်ပြီး လိုက်ပါဆောင်ရွက်တတ်သည့် နောက်လိုက်ကောင်းများဖြစ်ရန်၊ ဌာန၊ အဖွဲ့အစည်း များနှင့် အပြန်အလှန်လေးစားမှုဖြင့် ဆက်သွယ်ဆောင်ရွက်တတ်ရန်နှင့် စာရင်းစစ် ကျင့်ဝတ်သိက္ခာများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။


ဝန်ထမ်းငယ်ဘဝမှပင် “ရိုးရိုးကျင့် မြင့်မြင့်ကြံ”  စိတ်ထားဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ ဆည်းပူးဖြည့်ဆည်း၍ မိမိအဖွဲ့အစည်းမှ အားထားရသော အရည်အချင်းပြည့်မီ သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းမှာကြားသည်။


သင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် မေ ၁၀ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ၈၂ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းစစ်ရုံးများမှ ၂၂ ဦး စုစုပေါင်း ၁၀၄ ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။


သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.