နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့ကို ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 



နေပြည်တော်  မေ ၂၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရာက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လေဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများဖွဲ့စည်း၍ ပြန်လည်နေရာချထားနိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ လမ်းသွယ်တိုးချဲ့ ဖောက်လုပ်ခြင်း စသည့် ကူညီကယ်ဆယ်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းနှင့် အလှူငွေများ စနစ်တကျ ထောက်ပံ့ပေးလျက်ရှိကြောင်းသန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျေးရွာများအတွင်းရှိ ရေတွင်းများ သောက်သုံးနိုင်ရန်အတွက် သန့်စင်ဆေးများဖြင့် သန့်ရှင်းပေးခြင်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်းများ၊ အိမ်ဆောက်ပစ္စည်းတို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နေအိမ်များ အမြန်ပြန် လည်တည်ဆောက်နိုင်ရေးကိစ္စရပ်များကို တက်ရောက်လာကြသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဒုတိယမြို့တော်ဝန်၊ တိုင်းအဆင့်ဌာနဆိုင်ရာများက ပြန်လည်ထူထောင်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးတို့က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)




No comments

Powered by Blogger.