ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့ရှိ ရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြုပြင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

 






စစ်တွေ မေ ၂၉


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မျိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ကြက်ခြေနီရုံးသို့ သွားရောက်ပြီး တွင်းရေကိုစုပ်ယူ၍ ရေသန့်စင်စက်ဖြင့် သန့်စင်ကာ ရပ်ကွက်၊ ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနေမှုအခြေအနေကို အားပေးကြည့်ရှုသည်။ အဆိုပါ ရေသန့်စက်မှ နေ့စဉ် လီတာ ၅၀၀၀၀ (ဂါလန် ၁၁၀၀၀ ခန့်) သန့်စင်ပေးလျက်ရှိပြီး စစ်တွေမြို့ပေါ် ရပ်ကွက်များအပြင် ကျေးရွာများမှလည်း လာရောက်သယ်ယူ အသုံးပြုနေကြောင်း သိရသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပြည်နယ်သမဝါယမဦးစီးဌာနရုံးနှင့် စစ်တွေမြို့နယ် သမဝါယမဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ရုံးတွင်းရုံးပြင် သန့်ရှင်းရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရမည့် အဆောက်အဦများ အမြန်ပြီးစီးရေး မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းသူအိပ်ဆောင်နှင့် စာသင်ဆောင်များ၊ သင်တန်းသူများအတွက် ရေချိုးခန်း၊ အိမ်သာများ အမြန်ပြုပြင် ပြီးစီးရေး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် ခရိုင်ရုံးကို လည်းကောင်း၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးကိုလည်းကောင်း သွားရောက်ပြီး ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.