တပ်ကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၆


နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံ၌ ကျင်းပသည်။


အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်နှင့် မြို့နယ်ပညာရေးမှူးတို့က အခမဲ့ဖြန့်ဝေသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်ပြီး ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။ 


တပ်ကုန်းမြို့နယ်တွင် အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၁၈ ကျောင်း၊ မူလတန်း (လွန်) ၄၄ ကျောင်း၊ မူလတန်းကျောင်း ၅၃ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) လေးကျောင်း စုစုပေါင်း ၁၆၅ ကျောင်းရှိရာ ဇွန် ၁ ရက်မှ စ၍ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်(ပြန်/ဆက်)







No comments

Powered by Blogger.