ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး Authentic Production Co., Ltd ၏ HDPE (High Density Polyethylene) ပိုက်စက်ရုံနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အသုံးချသုတေသနဌာန(ထောက်ကြန့်) ဓာတ်ခွဲခန်းတို့အား သွားရောက်ကြည့်ရှု






နေပြည်တော် ဇွန် ၃


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး သည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co., Ltd. ၏ HDPE (High Density Polyethylene) ပိုက်စက်ရုံနှင့် ထောက်ကြန့်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ အသုံးချသုတေသနဌာန(ထောက်ကြန့်) ဓာတ်ခွဲခန်းနှင့် ရေနံရှာဖွေရေးအသုံးချသုတေသန ဌာနလုပ်ငန်းများသို့  သွားရောက်ကြည်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co., Ltd. ၏ HDPE (High Density Polyethylene) ပိုက်စက်ရုံသို့ရောက်ရှိကြရာ စက်ရုံ Managing Director မှ ပိုက်ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ရေပိုက်၊ ဖိအားနိမ့်ဓာတ်ငွေ့ပိုက်နှင့် ရေနံဓာတ်ငွေ့ ရည်ပိုက်များအသုံးပြုနိုင်ရန် ကုန်ကြမ်းအမျိုးမျိုးရောစပ်အသုံးပြုထုတ်လုပ်ထားသော ပိုက်အမျိုးမျိုး၊ ဖိအား များအရ ပိုက်များ၏ခံနိုင်ရည်၊ ပိုက်များဆက်သွယ်နည်းစနစ်များ၊ ထုတ်လုပ်ထားသော ပိုက်အမျိုးမျိုး နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၏ပိုက်ထုတ်လုပ်မှုနည်းပညာ၊ ပိုက်ဆက်နည်းပညာ၊ ရေပိုက်လိုင်းများအဖြစ်အသုံးပြုနိုင်မှု၊ ဖိအားနိမ့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့တွင် HDPE (High Density Polyethylene)  အသုံးပြုနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များ ကို ဆွေးနွေသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံမှထုတ်လုပ်လျက်ရှိသော ပိုက်နှင့် ဆက်စပ်ပစ္စည်းများ၊ ပိုက်ဆက်သရုပ်ပြခြင်း၊ ပိုက်ဖိအားခံနိုင်ရည်စမ်းသပ်ခြင်းတို့နှင့် စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အသုံးချသုတေသနဌာန (ထောက်ကြန့်) အစည်းအဝေးခန်းမသို့ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးအတွက် အသုံးချသုတေသနဌာနမှ သုတေသနဌာနခွဲ များအလိုက် ဆောင်ရွက်နေမှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန်အတွက် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သုတေသနလုပ်ငန်းများ အတွက် ရေနံတွင်းများမှရရှိသော ကျောက်နမူနာ Core Sampleများ သိမ်းဆည်းထားမှုအခြေအနေနှင့်  ဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။


တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်စမ်း သပ်ရာတွင် အထောက်အကူဖြစ်စေရန် အရည်အသွေးမှန်ကန်သည့်အဖြေများရရှိရန် သုတေသနနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဓာတ်ခွဲခြင်းသုတေသနဆောင်ရွက်မှုနှင့်ပတ် သက်၍ မျိုးဆက်သစ်ဝန်ထမ်းများကို လက်ဆင့်ကမ်းသင်ကြားလေ့ကျင့်ပေးရန်နှင့် နည်းပညာများ မျှဝေပေးရန်လိုအပ်ကြောင်း၊ ရေနံရှာဖွေတူးဖော် ထုတ်လုပ်ခြင်းအတွက် ဆိုက်စမစ်တိုင်းတာခြင်း၊ တွင်းတူးဖော်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တူးဖော်စမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လည်း ပံ့ပိုးပေးနေသော အသုံးချသုတေသနဌာနကို တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်သွားရန် လိုအပ် ကြောင်းမှာကြားပြီး  သုတေသနဌာနခွဲအတွင်း ဓာတ်ခွဲခန်းများအလိုက် ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် Core Sample များထားရှိသည့် ဂိုဒေါင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ရှာဖွေရေးနှင့်ဖွံ့ဖြိုးရေးဌာနနှင့် အသုံးချသုတေသနဌာနကို ၁၉၇၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် တွင်စတင်ထူထောင်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်ရေးအတွက် အခြေခံကျသည့် ဓါတ်ခွဲစမ်းသပ်ခြင်း၊ ဘူမိဗေဒ၊ ဘူမိရူပဗေဒအချက်အလက်များနှင့် ပေါင်းစပ်လျက် ရေနံသဲကြောဂုဏ်သတ္တိလေ့လာဓာတ်ခွဲခြင်း၊ တွင်းတူးရွှံ့စမ်းသပ်ဓာတ်ခွဲခြင်း၊ ကျောက်ပညာ လေ့လာရေးဓာတ်ခွဲခြင်း၊ ဇီဝထရဗေဒလေ့လာရေးဓာတ်ခွဲခြင်း၊ ဘူမိဓာတုဗေဒဓာတ်ခွဲခြင်းစသည့် အဓိကလုပ်ငန်း ၅ ခုဖြင့် အော်ဂဲနစ်ကာဗွန်အမျိုးအစားများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဖြစ်နိုင်ခြေ ရှိသည့်အထောက်အကူပြု အချက်အလက်များကို ဓာတ်ခွဲစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.